နာမည်စီးတယ် ဆိုပြီးပြောကြတယ်၊ ပညတ်သွားရာ ဓာတ်သက်ပါတယ် လို့လည်း ပြောကြတယ်။ “ရန်အပေါင်းကို ကုန်စင်သော အထိမ်းအမှတ်ဖြင့် ရန်ကုန်မြို့” ဟူ၍ တွင်လေသတည်း ဆိုတာမျိုးပေါ့။ ဆရာတော်ကြီး တစ်ပါးက ပြောဖူးတယ်… “စကားလုံးရဲ့ အသံထွက်အတိုင်းသာ ဖြစ်ရစတမ်းဆိုရင် လူတိုင်း ‘မင်း’ ဖြစ်ကုန်မှာပေါ့။ ဘာလို့လဲဆိုတော့ လူတိုင်း ‘ထမင်း’ နေ့တိုင်း စားနေကြတာပဲမဟုတ်လား။ ဘယ်သူမှ ‘ထ’ ပြီး ‘မင်း’ မဖြစ်ပါဘူး။ မင်းဖြစ်ထိုက်တဲ့ ဘုန်းကံပါရမီ ပါတဲ့ပုဂ္ဂိုလ်တွေပဲ မင်းဖြစ်ကြတာပါ” ဆိုပြီးတော့ပါ။
ဒါကို အတိုင်းအတာ တစ်ခုထိ လက်ခံပါတယ် ဒါပေမယ့် အခြားတစ်ဘက်ကနေ တွေးကြည့်မယ် ဆိုရင် ဥပမာ အနောက်နိုင်ငံတွေမှာ ဆိုပါတော့။ ဘယ်သမ္မတ နာမည်ကမှ “Badass, Idiot ” ဆိုပြီး ရှိမနေပါဘူး။ နာမည်က သတ်မှတ်ချက်သက်သက် ဆိုရင် “စားဖားကြီး၊ ဖွတ်ကျား ” စတဲ့ နာမည်တွေနဲ့ ဝင်ရွေးခံတဲ့ အမတ်လောင်းတွေကို ခင်ဗျားတို့ မဲပေးကြမှာလား။
လူတွေဟာ နာမည်စီးတာကို သဘောကျပုံရတယ်။ ဘုရားတောင် နာမည်ရွေးပြီး သွားကြတယ်။ နာမည်စီးတဲ့ ဘုရားကို ပိုသွားတယ်။ “ရန်အောင်ဘုရား” ဆိုပြီး အတိုက်အခိုက်တွေ အောင်မြင်ဖို့အတွက် သွားကြတယ်။ ဘေးဘယာတွေ ကျော်အောင်ဆိုပြီး ဘယာကြော်တွေ ကပ်ကြတယ်။ ရန်သေအောင် ဆိုပြီး ရေသံလက်ပတ်တွေ ဝတ်ကြတယ်။ တကယ်လို့ “ရန်ကြီးအောင်” ဘုရားဆိုရင်ကော သွားကြမှာလား။ ကျွန်တော် ကတ်သီးကတ်သတ် တွေးမိတာပါ။ “ရန်ကြီးအောင်” ဆိုတာ ရန်အကြီးကြီးကို အောင်တယ်လို့ ဆိုနိုင်သလို ရန်တွေ ကြီးမားလာအောင် လို့လည်း ယူဆနိုင်ပြန်တယ်။ ဘုရားသွားပြီးမှ ရန်များလာရင်တော့ မခက်ချေဘူးလား။
“MPT ” ကို မပုတု လို့ ဖျက်ခေါ်ကြတယ်။ နာမည်စီးသွားလို့ ထင်ပါရဲ့ပျင်းရိပျင်းတွဲ လေးတိလေးကန်နဲ့။ “လစသ” ဆိုတာကို လိုင်စင်ရ သူတောင်းစားများ လို့ ဘော်ဒါတွေ ဖျက်ခေါ်ကြတယ်။ ဒါလည်း နာမည်စီးသွားတယ် ထင်ပါရဲ့။ “အမျိုးသား ညီလာခံ” ဟာ “အများတိုး ညံလာခီ” ဆိုတဲ့အတိုင်း တိုးကြိတ် ဆူညံတာပဲ မျက်စိထဲ ထင်ကျန်နေခဲ့တယ်။ ခုတလော ခေတ်စားနေတဲ့ “မျိုးစောင့်ဥပဒေ” ကို ဘယ်ဂုရုကများ “မျောက်ဆိုး ဥပဒေ” ဆိုပြီး ပညတ်လိုက်တယ် မသိ၊ သူလည်း နာမည်စီးချင်သလိုလို ဖြစ်နေပြန်ရော။
တချို့ကျတော့ နာမည်ပေးထားတာ အဟုတ်။ အခြားတစ်ဘက်က လှည့်တွေးတော့ ရယ်စရာတွေ ဖြစ်ကုန်ရော။ ဥပမာ။ “တိုးတက်လင်း၊ အုပ်စိုး၊ သက်ထွေး၊ မျိုးလင်း၊ ဖိုးကြာ” စတဲ့ နာမည်တွေပေါ့။ (မှတ်ချက်။ ပြောင်းပြန် မတွေးရ) တချို့နာမည်တွေကျ သူ့နောက်ကွယ်က အဓိပ္ပာယ်ကိုက ရယ်စရာ… “တင်ဝင်း၊ ရင်ရင်ကြီး၊ မြမြချို” စတဲ့ နာမည်မျိုးတွေပေါ့။
“သန့်စင်၊ တင်အောင်” စတဲ့နာမည်တွေကျ “သန့်စင်ခန်း၊ ချီးတင်အောင် မပါရ” ဆိုတာမျိုးမြင်မိရင် ရယ်ချင်ပြန်ရောလက္ခဏာ စာအုပ်တွေမှာ Golden Hand လို့ ဆိုတဲ့ သူဌေးတွေမှာသာ ရှိတတ်တဲ့ ရွှေလက်ဖဝါး ပုံမျိုးကို ဖော်ပြတတ်ကြတယ်။ ဒါပေမယ့် ဒီလက်ဖဝါးပုံစံမျိုး ရှိပါလျက်နဲ့ လက်တွေ့မှာ ဆင်းရဲနေသူလည်း ရှိပါတယ်။ သင့်မှာ အဲလို လက်ပုံစံမျိုးရှိတယ် ဆိုရင်တော့ သူဌေးဖြစ်ဖို့ ဖြစ်နိုင်ချေ ပိုများလေသတဲ့ဗျာ။ (အဲသလို တိကျတဲ့ သီအိုရီမျိုးပေါ့)
နာမည်ဆိုတာ လုပ်ယူရတာပါလို့ ပြောကြတယ်။ ဟုတ်ပါတယ်၊ နာမည်ကို လုပ်ယူလို့ ရပါတယ်။ အဲဒါထက် နာမည်တွင်အောင် နာမည်ကျန်အောင် လုပ်ယူရတာက ပိုခက်ပါတယ်။ “ဦးသူတော်” လို့ နာမည်ပေးပြီး သစ်ခိုးထုတ်ရင်တော့ အချုပ်ထဲ ရောက်မှာပါပဲ။ တစ်ခုတော့ ခြွင်းချက်ပေါ့ဗျာ၊ စခန်းရောက်မှ ငယ်နာမည် “မောင်ပေါက်ဖော်” ဆိုတာသိသွားရင်တော့ ၈ ရက်နဲ့ ပြန်လွတ်မယ်ပေါ့ဗျာ။ ထားပါတော့ နာမည်ဟာ အတိုင်းအတာ တစ်ခုထိ အရေးပါတယ်ဆိုတာ သိစေချင်လို့ပါ။
လူနဲ့ နာမည်နဲ့ သိပ်လိုက်တာပဲ ဆိုတာ ကြားဖူးကြမှာပါ။ တိုးတက်တဲ့ လူ့ဘောင်ကို ဦးတည်နေ့တဲ့ ဒီနေ့ခေတ်မှာ မိမိတို့ သားသမီး၊ ကုမ္ပဏီ၊ အသင်းအဖွဲ့ စတာတွေကို ဆုတ်ယုတ် နိမ့်ကျစေမယ့် နာမည်တွေ မပေးမိဖို့ အရေးကြီးပါတယ်။ တဆက်တည်း အဲဒီ နာမည်တွေနဲ့ လိုက်ဖက်အောင် ခမ်းနားတင့်တယ်အောင် အားထုတ်ကြိုးပမ်းမှုလည်း ရှိဖို့လိုပါမယ်။
ဒါပေတဲ့ ကောင်းမွန်လှပတဲ့ နာမည်တစ်ခုဆိုတာက ကိုယ့်ကို ကောင်းတဲ့ နိမိတ်တွေ ဆင်ယင်ပေးလိုက်ရုံ သက်သက်ဆိုတာ သတိချပ်သင့်ပါတယ်။ “ဦးမွဲတေ၊ ဦးစုတ်ပြတ်” ဆိုတဲ့ နာမည်မျိုးနဲ့ သူဌေး မရှိပေမယ့် “ဦးချမ်းသာ” ဆိုတဲ့ နာမည်နဲ့ ဆင်းရဲနေတဲ့ သူတွေ အများကြီးပါပဲ။ ခုနက ပြောခဲ့ သလိုပါပဲ။ ရွှေလက် ပိုင်ရှင်ဆိုရင် ခင်ဗျားမှာ သူဌေးဖြစ်နိုင်ခြေ ပိုများများရှိတာပေါ့ဗျာ။ သူဌေးဖြစ်ဖို့ကတော့ နောက်တစ်ကဏ္ဍပေါ့ဗျာ။
ကျွန်တော်တို့ဆီက တချို့သော အသင်းအဖွဲ့တွေဟာ သူ့တို့ကို “ဖွတ်၊ နွား” စတဲ့ အကောင်တွေနဲ့ နှိုင်းရင် ဆတ်ဆတ်ထိမခံ နာကြတယ်။ ပညတ်နောက်က ဓာတ်သက်ရောက်မှာ အတော်စိုးရိမ် နေကြပုံပဲ။ “အရူးဟာ သူ့ကို အရူးလို့ ခေါ်ရင် သိပ်ဒေါသထွက်တာ…” ဆိုတဲ့ စကားလေးက တွေးစရာပါ။
တွေးကြည့်ပေါ့ဗျာ၊ တကယ်လို့များ လမ်းပေါ်မှာ ဆူမိုနဘမ်းသမားလို ခန္ဓာကိုယ်မျိုးနဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့ရင်… “ဟေ့ကောင် ဝါးခြမ်းပြား၊ အာပြဲခြောက်…” လို့ အော်ကြည့်၊ သူစိတ်ဆိုးမလား။ အဲ… ဟန်သစ်ငြိမ်လို လူမျိုးကျ အဲလို သွားမအော်ချေနဲ့ နောက်ဆို ခင်များတို့ကို မမြင်ချင်ယောင် ဆောင်သွားမှာ။ ဒီသဘောပါပဲ။ တစ်ခုတော့ ရှိတာပေါ့ တိရစ္ဆာန်တွေနဲ့ နှိုင်းတာကို အများစုက မကြိုက်ကြတာမို့ မခေါ်တာတော့ အကောင်းဆုံးပေါ့ဗျာ။
နာမည်ကောင်းဆိုတာ လူတိုင်း အဖွဲ့စည်းတိုင်းမှာ ရှိဖို့လိုပါတယ်။ သည့်တိုင် နာမည်ကောင်းတွေ ပေးထားပေမယ့် အပြုအမူမကောင်းရင်တော့ ဓာတ်ပျက်ပါလိမ့်မယ်။ “စုနိုင်မှ ချမ်းသာမည်၊ ဖွတ်တက်ရင် မွဲမှာပဲ” ဆိုတာတွေဟာ နာမည်စီးတယ် ဆိုတာထက် နာမည်ကော လုပ်ဆောင်ချက်တွေကြောင့် ဒီစကားတွေ တွင်ခဲ့တာလို့ ထင်ပါတယ်။
အများမကြိုက်တာတွေ အတင်းလုပ်ပြီးမှ လူထုလေးစားသမှုရအောင် ခြင်္သေ့ရုပ်ကြီး သြဇာသီး သွားကပ်နေလည်း အသီးပုပ်သွားတာသာ အဖတ်တင်ပါလိမ့်မယ်။ ဓာတ်ပျက်သလို စိတ်လည်းပျက်မိပါတယ်။ “ဟေ့၊ နာမည်လာမဖျက်နဲ့ကွ” လို့ ပြောတဲ့သူတွေ တွေ့ရင် “နာမရူးဘူး” လို့ အော်နေတဲ့ အရူးကိုသာ ပြေးမြင်မိတယ်။
“It doesn’t matter what you are. The matter is how you do.” တဲ့။ အဓိကကတော့ ယူထားတဲ့ နာမည် ဂုဏ်ဒြပ်ထက် တာဝန်ယူစိတ်က ပိုအရေးကြီးပါတယ်။ သမ္မတပဲ ဖြစ်ဖြစ်၊ လွှတ်တော် အမတ်ပဲ ဖြစ်ဖြစ်၊ တံခါးစောင့်ပဲ ဖြစ်ဖြစ် ကိုယ်ယူထားတဲ့နေရာ ကိုယ်တာဝန် ကျေရပါမယ်။
ဟုတ်ပါတယ်။ နာမည်ဆိုတာ လုပ်ယူရတာ မှန်ပေမယ့် အတင်းလုပ်ယူလို့လည်း မရပါဘူး။ ပညတ်သွားရာ ဓာတ်သက်ပါချင် ရင်တော့ အပြောနဲ့အလုပ် ညီမှ ဖြစ်မှာပေါ့ဗျာ။ ဓာတ်တက်လာအောင် အားမထုတ်သရွေ့ ပညတ်နောက်က ဓာတ်ပျက်တာတွေချည်းပဲ လိုက်လာမှာ အသေအချာပေါ့ဗျာ။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
0 Comments