ရွှေလမှာယုန်ဝပ်လို့
ဆန်ဖွပ်သည့်အဖိုးအို
ဟော… ကြည့်ပါဆို
ဆိုသာဆို ပိုမိုသည့်စကား
ကလေးအငိုတိတ်အောင်
အရိပ်အယောင်ပြတယ်
ဖိုးလနတ်သား။
ဟိုးတိုတိုတုန်းကပေါ့ကွယ်။
ကမ္ဘာမြေနဲ့ မိုင်ပေါင်း နှစ်သိန်းလေးသောင်းဝေးကွာတဲ့ နေရာမှာ လကမ္ဘာဆိုတာ ရှိသတဲ့။ အဲဒီလကမ္ဘာမှာ နေတဲ့သူတွေဟာ အင်မတန်မှ အပျင်းထူပြီး ဘာအလုပ်မှ မလုပ်ကြဘူးတဲ့။ သူတို့ကမ္ဘာမှာ အသက်ရှူစရာ လေလည်းမရှိတာကြောင့် ဘာသစ်ပင် ဘာရေမြေတောတောင်မှ မရှိတော့ ဘာမှလည်း လုပ်စရာ မလိုတော့ တစ်နေ့တစ်နေ့ အိပ်လိုက်၊ အိပ်ရာကထရင် အင်တာနက် ဝင်လိုက် အဲဒါတွေနဲ့ပဲ အချိန်ကုန်နေတာပေါ့။
အဲဒီလကမ္ဘာပေါ်မှာ လနတ်သမီးလေးတစ်ယောက်လည်း ရှိသတဲ့။ သူလည်း ဘာဆိုဘာမှ လုပ်စရာမရှိတော့ မနက်မိုးလင်းတာနဲ့ ဖေ့စ်ဘွတ်ခ်ထဲဝင်ပြီး ဟိုကြည့်ဒီကြည့် လျှောက်ကြည့်လိုက်၊ အလုပ်မရှိလို့ အားအားယားယား ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အယ်လ်ဘမ်တွေ ဖွင့်ပြီးတင်လိုက် အဲဒါနဲ့ကို တစ်နေ့တစ်နေ့ အားရတယ် မရှိဘူးတဲ့။
တစ်နေ့ သူ့ရဲ့ ပရိုဖိုင်းလ်ဓာတ်ပုံကို “ဖိုးလမင်း” ဆိုတဲ့ နာမည်နဲ့ ကောင်လေးတစ်ယောက်က လာလိုက်ခ်လုပ်သတဲ့။ “အရမ်းလှတာပဲ” ဆိုပြီး ကော်မန့်လည်း ပေးသွားသတဲ့။ ကောင်မလေးကလည်း ဘာပြောရမှန်းမသိတာနဲ့ ဒီတိုင်းလေးပဲ သူ့ကော်မန့်ကို လိုက်ခ်ပြန်လိုက်လုပ်တာပေါ့။
အဲဒီကနေ စလို့ အဲဒီကာင်လေးဟာ ကောင်မလေး ဓာတ်ပုံအသစ်တွေ တင်တိုင်း လာလိုက်ခ်လုပ်ပြီး “အရမ်းလှတယ်၊ ချစ်ဖို့ကောင်းတယ်၊ နတ်သမီးလေးလိုပဲ၊ သိပ်လှတာပဲ” စတဲ့စတဲ့ ကော်မန့်တွေ လာလာပေးပါတော့တယ်။ ကြာတော့ ကောင်မလေးကလည်း သူ့ကို သတိပြုလာတာပေါ့ကွယ်။
ကာင်လေးရဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို ဝင်ကြည့်တော့ ဘာပုံမှ တင်မထားဘဲနဲ့ ကောင်မလေးတို့လကမ္ဘာကို ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုသာ တွေ့ရသတဲ့။ လပုံတွေကလည်း လဆန်း၊ လပြည့်၊ တိမ်ဖုံးနေတဲ့ လပုံတွေ၊ စုံနေတာပါပဲ။ ကာတွန်းပုံတွေလည်း ရှိတယ်။ ကွန်ပျူတာတွေနဲ့ ဖန်တီးထားတဲ့ ပုံတွေလည်း ရှိတယ်။ အကုန်လုံးက လမင်းနဲ့ပတ်သက်တာတွေချည်းပါပဲ။ အဲဒီလို ထူးထူးဆန်းဆန်းလေးဆိုတော့ ကောင်မလေးလည်း သူ့အကြောင်းကို သိချင်စိတ်တွေ ပြင်းပျလာတာပေါ့ကွယ်။
နောက်ဆုံးမနေနိုင်တော့ မက်ဆင်ဂျာ ချက်ဘောက်စ်ကနေ လှမ်း့ပြီး မိတ်ဖွဲလိုက်ပါတော့တယ်။ အဲဒီကနေ စပြီး ကောင်လေးနဲ့ စကားပြောခွင့်ရလာတာပေါ့ကွယ်။ ဒီလိုနဲ့ တစ်ဆင့်တစ်ဆင့် သူတို့ရဲ့ သံယောဇဉ်တွေ တိုးလာပြီး ကောင်လေးက ကောင်မလေးကို ချစ်ရေးဆိုပါတော့တယ်။
ကောင်မလေးက ကောင်လေးကို ဟိုးအရင်ဖေ့စ်ဘွတ်ခ်မှာ ကတည်းက ခင်တွယ်နေတော့ ကောင်လေးကို အဖြေပေးဖို့စဉ်းစားမိပါတယ်။ တစ်ခုခက်တာက ကောင်လေးနဲ့ စကားပြောလာတာ လတွေပြောင်းလို့ နှစ်တောင်ကူးတော့မယ် သူ့ရဲ့ဓာတ်ပုံတစ်ပုံမှ ကောင်မလေးက မမြင်ဖူးဘူး။ အသံသာကြားဖူးလေသတဲ့။ စကားပြောရင်း ဓာတ်ပုံကြည့်ချင်တယ်ပြောတော့လည်း ကောင်လေးက ရိုက်ထားတာ အလွယ်မရှိလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး အကြောင်းအမျိုးမျိုးပြပြီး ငြင်းနေတာပေါ့။
.အဲဒီကောင်လေးကလည်း အရမ်းကို လှည့်ပတ်နိုင်လွန်းပြီး စကားလည်းကြွယ်ပါသတဲ့။ သူ့အဖေဟာ အင်မတန်ချမ်းသာပြီးတော့ ကောင်လေးဟိုနားဒီနားသွားရင် စီးဖို့ ကားအဖြူရောင်တစ်စီးလည်း ပေးထားတယ်လို့ ဆိုပါသတဲ့။ အဲဒီတော့ ကောင်မလေးခမျာ ကောင်လေးကို အထင်လည်းကြီး သံယောဇဉ်လည်း တွယ်မိလေတော့ နောက်ဆုံးမှာ သူ့ရဲ့ ချစ်ခွင့် အဖြေကို ပေးလိုက်ပါတယ်။
ဒီလိုနဲ့ သူတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားကြပြီး ဖေ့စ်ဘွတ်မှာ လူသိရှင်ကြား ရီလေးရှင်းရှစ်ပ် တွေ ပြိုင်တူတင်ကြတာပေါ့။ ရပ်ဝေးရပ်နီး သူငယ်ချင်း မိတ်ဆွေတွေကလည်း လာပြီး ဂွန်ဂရက်ဂျူလေးရှင်းတွေ၊ ဘရာဗိုတွေ၊ ချီးယားစ်တွေ ပေးကြတာပေါ့။ ဟန်းနီးမွန်း ဆိုတဲ့ စကားလုံးတောင် သူတို့ချစ်ခြင်းက ဖြစ်တည်လာတယ် ဘာညာတွေ စတေးတပ် ရေးတင်ကြသေးတာ။
အဲလိုဖေ့စ်ဘွတ်ခ်ကနေ ချစ်ရာကနေ ကောင်မလေးခမျာ မနေနိုင်တော့ဘဲ ကောင်လေးကို တွေ့ချင်စိတ်တွေ ပျင်းပြလွန်းတာကြောင့် သူတို့လကမ္ဘာကနေ အာကာသလေယာဉ်လက်မှတ်ကို ဝယ်ပြီး အဲဒီကောင်လေးရှိရာ ကမ္ဘာမြေပြင်က မြန်မာဆိုတဲ့ ရွာလေးကို တိတ်တိတ်လေး ရောက်လာတာပေါ့ကွယ်။ ကောင်လေးကိုတော့ သူလာမယ်ဆိုတာ အသိမပေးဘူးပေါ့ကွယ်။
ကောင်လေးပြောတဲ့အိမ်လိပ်စာရှေ့ကို ကောင်မလေးရောက်သွားတော့ သူပြောသလို ခြံကျယ်ကြီးကို မတွေ့ဘဲ ကျိုးတိုးကျဲတဲ ခြံစည်းရိုးလေးခတ်ထားတဲ့ ခနော်နီခနော်နဲ့ အိပ်စုတ်လေးတစ်လုံးသာတွေ့သတဲ့။ အိမ်ရှေ့မှာလည်း အဖြူရောင်ဆိုလို့ ယုန်လေးတစ်ကောင်သာ တွေ့သတဲ့။ ပြီးတော့ ဆန်ဖွပ်နေတဲ့ အဖိုးကြီးတစ်ယောက်ကိုလည်း တွေ့သတဲ့။ ကောင်မလေးကိုလည်း မြင်ရော အဖိုးကြီးက ထိတ်ထိတ်ပြာပြာဖြစ်သွားပြီး အိမ်ထဲကို ဝင်ပုန်းဖို့ ပြင်သတဲ့။ အဲဒီမှာ ကောင်မလေးက ခြံဝကနေ လှမ်းအော်တော့ အဖိုးကြီးလည်း ပြန်လှည့်ကြည့်ရတာပေါ့။
လနတ်သမီး။ ။ အဖိုး၊ အဖိုး…
အဖိုးကြီး။ ။ ဘာတုန်းသမီးလေး…
လနတ်သမီး။ ။ ဒီအိမ်က “ဖိုးလမင်း” တို့ အိမ်လားသိချင်လို့ပါ။
အဖိုးကြီး။ ။ ဖိုးလမင်း၊ ဟုတ်လား…
လနတ်သမီး။ ။ ဟုတ်တယ်။
အဖိုးကြီး။ ။ ဟုတ်တယ်၊ ဒါဆို ဒီအိမ်ပဲ…
လနတ်သမီး။ ။ ဟင်… ဒါဆို သူက ဘယ်လို… ဘယ်သွားနေတုန်း…
အဖိုးကြီး။ ။ ဟာ… ခေးကလည်း ကို့အသံကို မမှတ်မိဘူးလား၊ ကိုလေ…
လနတ်သမီး။ ။ ဟင်… ရှင်… ကို… ဟာ… ရှင်… ရှင်… ရှင်… ရှင်က အဖိုးကြီးပဲ…
အဖိုးကြီး။ ။ ဘာတုန်းခေးရ… အဖိုးကြီးတွေ၊ ကလေးလေးတွေက အဓိကမှ မဟုတ်ဘဲ… ချစ်တာက အဓိကလေ…
လနတ်သမီး။ ။ အာ… အဟင့်… ရှင်… လူလိမ်… ကျွန်မကို လိမ်တယ်…
အဖိုးကြီး။ ။ မသွားပါနဲ့ချစ်ခေးရာ…ကောင်မလေးက ခြံဝကနေ ထွက်ပြေးမယ်လုပ်တော့ အဖိုးကြီးကလက်ကို ဖမ်းဆွဲထားလိုက်တယ်။
လနတ်သမီး။ ။ လွှတ်လွှတ်… ရှင်ကျွန်မလက်ကိုလွှတ်…
(မြန်မာပေါကားများထဲမှ လေသံဖြင့် လုံးဝလုံးဝ မဖတ်ရ။ ဤကားစကားချပ်)
အဖိုးကြီး။ ။ ဒေါသကိုလျှော့မှပေါ့ ခေးရ… ခု ခေးနဲ့ကိုနဲ့ ကြိုက်နေတာ ဖေ့စ်ဘွတ်ခ်တစ်ခုလုံး သိနေပြီလေ… အဲလိုတွေ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ချစ်ရာ…
လနတ်သမီး။ ။ အဟင့်… ရှက်ပြီး လဲသာသေချင်တော့တယ်… ဟင့်
အဖိုးကြီး။ ။ ဒီတော့ ခေး… မပြန်နဲ့… ဒီမှာနေ…
လနတ်သမီး။ ။ အာ… ဘယ်လိုနေလို့ဖြစ်မှာတုန်း… ဒီလို တဲစုတ်တဲပြတ်မှာ…
အဖိုးကြီး။ ။ အာ… ကိုက ခေးကို ဆန်ဖွပ်ပြီးကျွေးမှာပေါ့…
လနတ်သမီး။ ။ အာ… ကျွန်မက အစားမှ မစားဘဲ… ပြီးတော့ တူနှစ်ကို တဲအိုပျက်တွေ ဘာတွေဆိုတာ ဟိုးတုန်းက ပုံပြင်တွေထဲမှာ ကျန်ခဲ့ပြီ…
အဖိုးကြီး။ ။ အာ… ဘာပဲဖြစ်ဖြစ်… မင်းနဲ့ကို ချစ်နေတာ တလောကလုံးသိနေပြီလေကွာ… ဒီတော့ မင်းဒီမှာ မနေချင်လည်း ကိုကတော့ မင်းရှိရာ လိုက်လာမှာပဲ…လနတ်သမီး။ ။ အာ… ခက်တော့တာပဲ… ဒီလောက်တောင် ပြောမရလည်း လိုက်ခဲ့ဟာ… လူ့ပြည်မှာတော့ အရှက်ကွဲ မခံနိုင်ဘူး။ ငါ့နှယ် ဖေ့စ်ဘွတ်ခ်ကို ယုံလို့ ပုံအပ်မိခါမှ ဆိုးချက်ကယ်နော်…
ဒီလိုနဲ့ပဲ “ဖိုးလမင်း” ဆိုတဲ့ အဖိုးကြီးနဲ့ သူရဲ့ယုန်ကလေးဟာ လနတ်သမီးလေးနဲ့အတူ အာကာသယာဉ်ကို စီးပြီး လကမ္ဘာပေါ်ကို အတူလိုက်ပါသွားပါတော့တယ်။ကမ္ဘာမြေပြင်ကနေ ထွက်ခွာခွာခြင်းပဲ လနတ်သမီးလေးက အောက်ပါ ကဗျာလေးကို မပီဝိုးတဝါး ရွတ်ဆို သွားပါတော့တယ်။
ဖေ့စ်ဘွတ်ခ်ကို ယုံမိလို့
ငါချစ်မိ အဖိုးအို
ဟော… ကြည့်ပါဆို
ဆိုသာဆို မပိုသည့်စကား
ကလေး အငိုတိတ်အောင်
စတေးတပ်မှာပြတော့
ဖိုးလနတ်သား။
ပုံပြင်လေးကတော့ ဒါပါပဲ။ လပြည့်ည ကောင်းကင်မှာ လပြည့်ဝန်းကြီးကို မြင်မိတဲ့အခါ သေချာလေး ကြည့်လိုက်ကြပါ။ ဆန်ဖွပ်တဲ့ အဖိုးအိုနဲ့ ယုန်ကလေးကို တွေ့ရပါလိမ့်မယ်။ မယုံရင်လည်း ပုံပြင်လို့သာမှတ်ပါ။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
0 Comments