အပိုင်း (၁) နဲ့ အပိုင်း (၂) မှာ သာမန်ဖဲထုပ် တစ်ထုပ်ရဲ့ ထူးခြားချက်တွေနဲ့အတူ ဖဲဗဒင် လေ့လာရာမှာ လိုအပ်တဲ့ အဆင့် (၃)ဆင့်ထဲက ပထမအဆင့်ကို အသေးစိတ် လေ့လာခဲ့ပါတယ်။ ဒီတစ်ခေါက် မှာတော့ အဲဒီ ဒုတိယအဆင့် (အပွင့်တစ်ခုခြင်းစီ) ရဲ့ ပေါင်းစပ်ခြင်းကို အသေးစိတ် လေ့လာကြည့်ကြရအောင်။
လက်တွေ့ တွက်ချက်ပုံကို မသွားခင်မှာ ဖဲဗေဒင်ဟောမယ့်သူအတွက် လိုအပ်တဲ့ အရာလေးတွေကို ပြောပြချင်ပါတယ်။ ဖဲချပ်နဲ့ ဗေဒင်တွက်ချက်တာဟာ တားရော့၊ လီနော်မန် စတဲ့ ကံကြမ္မာဖတ်တာတွေနဲ့ အတူတူပါပဲ။ ဖဲဗေဒင်ရဲ့ အားသာချက်ကတော့ နီးစပ်ရာ စတိုးဆိုင်တစ်ခုမှာ အလွယ်ဝယ်လို့ ရနိုင်တာပါပဲ။ ဒီနေရာမှာ သတိထားရမှာက အလွယ်တကူဝယ်လို့ ရပေမယ့် ဖဲထုပ်ကို အလွယ်တကူ မထားရှိဖို့ ဆိုတာပါပဲ။ ဖဲချပ်နဲ့ ဗေဒင်ဟောတာကို လူအတော်များများ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် လူတိုင်း မှန်ကန်အောင် မဟောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ နည်းစနစ်ကိုပဲ သိပြီး နည်းလမ်းကို ကိုယ်တိုင် မကျင့်သုံးကြလို့ပါ။
ဖဲဗေဒင်ကို ဟောမယ့်သူဟာ အောက်ပါစည်းကမ်း နည်းလမ်းတွေကို လိုက်နာရပါမယ်။
၁) တွေ့ကရာ ဖဲထုပ်နဲ့ ဟောလို့ မရပါဘူး။ ဟောဖို့အတွက် ဖဲထုပ်ကို သီးသန့်ဝယ်ထားရမှာ ဖြစ်ပါတယ်။
၂) ဖဲထုပ်ကို အမြဲတမ်း ကိုယ်နဲ့ မကွာ ဆောင်ထားရမှာ ဖြစ်ပါတယ်။
၃) ဖဲထုပ်ကို လူများတကာအား လိုအပ်မှသာ ကိုယ်တွယ်ခွင့်ပေးရမှာဖြစ်ပါတယ်။
၄) ဗေဒင်ဟောဖို့အတွက် ထားတဲ့ ဖဲထုပ်ကို အပျော် ဖဲကစားခြင်း စတာတွေ မပြုလုပ်ရပါဘူး။
လေးလေးနက်နက် မလုပ်တဲ့ အရာတွေဟာ ဘယ်တော့မှ လေးနက်တဲ့ တုန့်ပြန်မှုကို ရမှာမဟုတ်ပါဘူး။ ဒါကြောင့် လေးနက် ယုံကြည်စွာဖြင့် လေ့လာ၊ ဟောကြား၊ ကျင့်သုံးကြပါလို့ အကြံပြုချင်ပါတယ်။ တချို့ ရှေးဟောင်းပစ္စည်း ဆိုင်တွေမှာ အတော်လေး လှပခမ်းနားတဲ့ ရွှေအိုရောင် ဖဲထုပ် စတာမျိုးတွေ တွေ့ဖူးမှာပါ။ အဲဒါမျိုးတွေကို အသုံးပြုမယ်ဆိုရင် သင့်ဖဲထုပ်က အပျော်ဆော့တဲ့ ဖဲထုပ်မျိုးပုံ မဖြစ်တော့ပါဘူး။ ဒီလောက်ဆိုရင်ဖြင့် လက်တွေ့ဟောတဲ့ နမူနာတွေဆီ သွားလို့ ရပါပြီ။
ပထမဆုံး ဖဲထုပ်ကို ဗေဒင်ဆရာကပဲ ကုလားဖန်ထိုးရပါမယ်။ ဗေဒင်မေးတဲ့သူကို လိုအပ်မှသာ ကိုင်တွယ်ခွင့် ပေးသင့်ပါတယ်။ ပြီးတဲ့အခါ မေးမြန်းတဲ့လူကို မေးခွန်းကို အာရုံပြုခိုင်းပြီး ဖဲထုပ်ကို ချိုးခိုင်းရပါမယ်။ ဒီနေရာမှာ စာမရေးတဲ့လက်ကို အသုံးပြုပြီး ချိုးခိုင်းရပါမယ်။ စာမရေးတဲ့လက်ကို အသုံးပြုခိုင်းရခြင်းကတော့ ဒီလက်ဟာ မသိစိတ်နယ်ပယ်နဲ့ ပတ်သက်နေလို့ပါ။ စာရေးတဲ့လက်က နေ့စဉ်အသုံးပြုနေတဲ့ သိစိတ်နဲ့ ပတ်သက်နေလို့ပါ။ ချိုးပြီးပြီဆိုရင် ဖဲချပ် ၃ ချပ်ကို ဘယ်ကနေ ညာဘက်ကို တစ်ချပ်ခြင်းစီ လှန်ပြီး ချလိုက်ရပါမယ်။
ဒုတိယအဆင့် ဥပဒေသအပေါ် အသေးစိတ် လေ့လာခြင်း
ဒုတိယအဆင့်ကတော့ အပွင့် (Suit) တစ်ခုချင်းဆီကို အသေးစိတ် လေ့လာခြင်း ဖြစ်ပါတယ်။ ဒါဟာ ပထမဆင့်ပေါ်မှာ ထပ်လောင်းပြီး အဓိပ္ပာယ် ပိုမိုရှာဖွေလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ ဖြစ်နိုင်ချေ ပေါင်းစပ်မှုတွေ အများကြီး ရှိပေမယ့် အကုန်လုံးကို မလေ့လာတော့ပါဘူး။ နမူနာ ဥပမာ အနည်းငယ်ကိုသာ လေ့လာပါမယ်။ ကျန်တာကိုတော့ သင့်ရဲ့ အားထုတ်ပျော်ဝင်မှုနဲ့ အတူ ယခင်အခေါက်က ပြောပြခဲ့တဲ့ ကဗျာလေးနဲ့အတူ ပေါင်းစပ်လေ့လာရင်ဖြင့် အလွယ်တကူ တတ်မြောက်ပါလိမ့်မယ်။
ဒီနေရာမှ တစ်ခု ဖြည့်ပြောချင်တာကတော့ ကတ်ပြားသုံးချပ်ကို ဘယ်မှညာ အဓိပ္ပာယ်ကောက်ယူတဲ့အခါ ပထမဆုံးကတ်ရဲ့ အပွင့်က သင် ဘယ်ကိုရောက်နေခဲ့လဲ ဆိုတာကို ပြဆိုပြီး… ဒုတိယကတ်ကတော့ သင်ယခု ရှိနေတဲ့ နေရာကို ပြဆိုတာပါ။ တတိယကတ်ရဲ့ အပွင့်ပုံစံကတော့ ရှေ့က ကတ် နှစ်ခုရဲ့ အကျိုးဆက်ကြောင့် သင် ဘယ်ကို ရောက်မယ်ဆိုတာကို ပြဆိုတာပါ။ ဒါ့အပြင် တတိယကတ်ဟာ အရေးအပါဆုံးဖြစ်တာကြောင့် အလေးအနက်ထားပြီး လေ့လာသင့်ပါတယ်။
ပထမဆုံးအနေနဲ့ ပြဿနာကို ကိုယ်စားပြုတဲ့ စပိတ်ကတ်ပြားတွေ ထိပ်ပိတ်မှာ ရှိနေခြင်းရဲ့ ပေါင်းစပ်မှုကို လေ့လာကြည့်ရအောင်…
♠️ ♥️ ♠️ : နှလုံးသားရေး ပြဿနာ
♠️ ♦️ ♠️ : ငွေကြေးပြဿနာ
♠️ ♣️ ♠️ : ရည်မှန်းချက် ပြဿနာ၊ လှုပ်ရှားရန် နှေးဖင့်ခြင်း၊ စိတ်မွန်းကြပ်ခြင်း
♠️ ♠️ ♠️ : ပြဿနာ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်
ထိပ်ဆုံး ဥပမာ ၂ ခုက ပထမအဆင့် ဖွင့်ဆိုချက်ထဲက… နက် – နီ – နက် (⚫️ 🔴 ⚫️) ပုံစံဖြစ်တဲ့အတွက် ဘာကို ပြဆိုသလဲဆိုရင်… နှလုံးသားနဲ့ ငွေကြေး ပြဿနာကို ပြဆိုပြီး ခု လောလောဆယ်မှာ ပြဿနာတွေ သွေးအေးနေပြီး ယာယီ ငြိမ်းချမ်းနေတာကို ပြဆိုတာပါ။ ဒီအချိန်မှာ ပြဿနာတွေ ပြီးသွားပြီလို့ ယူဆလို့ မရပါဘူး၊ ခဏတဖြုတ် ရပ်တန့်နေတာလို့ပဲ ပြောရပါလိမ့်မယ်။
နောက်ထပ် ဥပမာ ၂ ခုကတော့ နက် – နက် – နက် (⚫️ ⚫️ ⚫️) ပုံစံဖြစ်တဲ့အတွက်… ပြဿနာတွေ စိတ်ညစ်မှုတွေ တောက်လျှောက်ဖြစ်နေတာကို ပြဆိုပါတယ်။ အလယ်မှာ ညှင်း ♣️ ပုံစံရှိတဲ့ အတွဲကလည်း ပြဿနာတွေက ဝေးကွာနေတယ်လို့ မယူဆနိုင်ပါဘူး။ အလုပ်အကိုင် အကြံစည်ကို ပြဆိုတဲ့ ညှင်းကတ်ပြားက ကံကြမ္မာ မေးသူအတွက် နောက်ထပ် ပြဿနာတွေ မလာခင် ပိုပြီး အင်အားစိုက်ထုတ် လုပ်ကိုင်ရမှာကို ပြဆိုနေတာပါ။
စပိတ်ကို ထိပ်ပိတ်အနေနဲ့ ထားတဲ့ ဥပမာကို သဘောပေါက်ရင် အခြားသော အပွင့်တွေကို ထိပ်ပိတ်အနေနဲ့ ထားတာကို အလွယ်တကူ သဘောပေါက်ပါလိမ့်မယ်။ အဲဒီအခါမှာလည်း အနီကောင်း၊ အနက်ဆိုး ဆိုတဲ့ ပထမဆုံး ဥပဒေသကို မေ့မထားသင့်ပါဘူး။
♣️ ♦️ ♣️ : အလုပ်များပိနေသော်လည်း ငွေအရနည်းခြင်း
♦️ ♣️ ♦️ : ငွေရှာခြင်း ကိစ္စသို့မဟုတ်၊ ငွေကြေးနှင့် ပတ်သက်သော အလုပ်အကိုင်
♥️ ♦️ ♥️ : ရက်ရော ပွင့်လင်းသော နှလုံးသား
♦️ ♥️ ♦️ : ချစ်ခင်သူနှင့်အတူ လုပ်အားခ အသီးအပွင့်များကို ခံစားခြင်း
♦️ ♠️ ♦️ : ငွေကြေးပြဿနာကို ကျော်လွှားနိုင်ခြင်း
♥️ ♠️ ♥️ : စိတ်နှင့် ပတ်သက်သော ပြဿနာကို ကျော်လွှားနိုင်ခြင်း
♣️ ♠️ ♣️ : အလုပ်အကိုင်၊ ကိုယ်ရေးကိုယ်တာ အခက်အခဲအား ကျော်လွှားနိုင်ခြင်း
ဆက်လက်ပြီး စပိတ်၊ ဟတ်၊ ညှင်းတွေပဲပါတဲ့ သုံးချပ် အတွဲတွေကို လေ့လာကြည့်ရအောင်။
♣️ ♥️ ♠️ : ဖြေရှင်းရင်း စိတ်၊ နှလုံးသား ပြဿနာရခြင်း
♠️ ♥️ ♣️ : စိတ်၊ နှလုံးသားပြဿနာကို ဖြေရှင်းနိုင်ခြင်း
♥️ ♠️ ♣️ : စိတ်ပြဿနာအား ဖြေးညှင်းစွာ ဖြေရှင်းခြင်း
ဒီနေရာမှာ သတိပြု လေ့လာရမယ့် အချက်တွေကို တွေ့နိုင်ပါတယ်။ ပထမဆုံးနမူနာမှာ စပိတ်နဲ့ ဆုံးတဲ့အတွက် ပြဿနာဆီကို ဦးတည်တာကို ပြဆိုပြီး… ဒုတိယ နမူနာမှာတော့ စပိတ်ကတ်က အရင်ဆုံး ကျတဲ့အတွက် ပြဿနာကို ကျော်လွှားနိုင်တာကို ပြဆိုပါတယ်။ နောက်ဆုံး နမူနာမှာတော့ စပိတ်က အလယ်မှာ ဖြစ်တဲ့အတွက် ပြဿနာကို ကျော်လွှားနိုင်မယ် ဒါပေမယ့် စပိတ်က အလယ်မှာ ဖြစ်တဲ့အတွက် သင့်ရဲ့ အားထုတ်မှုကို နှေးကွေးစေမှာတော့ အမှန်ပဲ။ အထက်က နမူနာတွေထဲက အသည်းပုံတွေကို ဒိုင်းမွန်းပုံနဲ့ အစားထိုးကြည့်မယ် ဆိုပါတော့…
♣️ ♦️ ♠️ : ဖြေရှင်းရင်း ငွေကြေးပြဿနာနှင့် ရင်ဆိုင်ရခြင်း
♠️ ♦️ ♣️ : ငွေကြေးပြဿနာအား ဖြေရှင်းနိုင်ခြင်း
♦️ ♠️ ♣️ : ငွေကြေးပြဿနာကို နှေးကွေးစွာ ဖြေရှင်းနိုင်ခြင်း
နောက်ထပ် ဥပမာတွေ ထပ်လေ့လာကြည့်ရအောင်။ ဒီတစ်ခါမှာတော့ ညှင်း (Club) ပုံကို ထိပ်ဆုံးမှာ တွေ့ရပါမယ်။
♣️ ♠️ ♠️ : ဖြေရှင်းရင်း လမ်းမှားရောက်သွားခြင်း၊ ရှေ့မှာ အတားဆီးများ ရှိခြင်း
♣️ ♦️ ♦️ : ငွေကြေးအောင်မြင်မှုအတွက် နည်းလမ်းမှန်စွာ ဖြေရှင်းနိုင်ခြင်း
♣️ ♥️ ♥️ : စိတ်ခံစားမှု၊ နှလုံးသားပြဿနာများအား မှန်ကန်စွာ ဖြေရှင်းနိုင်ခြင်း
တကယ်လို့ ၃ ချပ်တွဲမှာ အသည်းပုံနဲ့ အဆုံးသတ်ခဲ့တယ်ဆိုရင် တကယ်ကို ကောင်းတဲ့ လက္ခဏာပါ။ သုံးချပ်ထဲက ရှေ့နှစ်ချပ်က ဘာပဲဖြစ်နေပါစေ… စိတ်ဖိစီးမှု၊ ငွေကြေးပြဿနာ ဘာပဲဖြစ်ဖြစ်ပါ… အသည်းပုံ ကတ်ပြား အဆုံးသတ်မှာ ပြရင်ဖြင့် ပြဿနာတွေကို လွယ်ကူ အေးဆေးစွာ ဖြေရှင်းနိုင်မယ် ဆိုတာပါပဲ။ နမူနာအနေနဲ့…
♦️ ♠️ ♥️ : ငွေကြေးပြဿနာအား လွယ်ကူစွာ ကျော်လွှားနိုင်ခြင်း
ဒီနမူနာကို စောစောက ပြခဲ့ဖူးတဲ့ ဥပမာ တစ်ခုဖြစ်တဲ့… ♦️ ♠️ ♣️ နဲ့ နှိုင်းယှဉ် ကြည့်ပါမယ်။ အသည်းပုံနဲ့ အဆုံးသတ်တဲ့ အတွက် အလွယ်တကူ ဖြေရှင်းနိုင်ပေမယ့်… ညှင်းပုံနဲ့ အဆုံးသတ်ရင်ဖြင့် ပြေလည်ဖို့ နှေးကွေးပြီး ပိုမို အားစိုက်ထုတ်ရမှာကို ပြဆိုတာပါ။
ဒုတိယအဆင့် ဥပဒေသနဲ့ ပတ်သက်တဲ့ နမူနာတွေကို ဒီမှာပဲ အဆုံးသတ်ချင်ပါတယ်။ ထပ်မံပြီး သတိပေးချင်တာကတော့ အပွင့်တစ်ခုချင်းဆီရဲ့ အဓိပ္ပာယ်တွေကို နားလည်ပြီဆိုရင် ဘယ်ကနေညာ စီစဉ်ထားတဲ့ အနေထားကို ကြည့်ပြီး အဓိပ္ပာယ် ဖွင့်ဆိုတာပါပဲ။ ပထမဆုံး အရောင်ကို ကြည့်မယ်၊ ပြီးရင်တော့ အပွင့်တစ်ခုချင်းဆီရဲ့ အစီအစဉ်ကို ကြည့်မယ်ဆိုရင်ဖြင့် အလွယ်တကူပဲ အဓိပ္ပာယ်ဖွင့်ဆို နိုင်ပါလိမ့်မယ်။
ခုဆိုရင် ဒုတိယအဆင့်အထိ ဘယ်လို အသေးစိတ် အဓိပ္ပာယ်ကောက်ရမယ်ဆိုတာကို ပိုင်နိုင်ကျွမ်းကျင်ပြီလို့ ယူဆပါတယ်။ နောက်ပို့စ်မှာတော့ တတိယအဆင့်ဖြစ်တဲ့ နံပါတ် တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်နဲ့ ဘယ်လို ပေါင်းစပ်ပြီး ဟောရမယ်ဆိုတဲ့ ဥပဒေသကို ပြောပြသွားပါမယ်။
ဆက်ရန်…
အဆင်ပြေမည်ဟု မျှော်လင့် ယုံကြည်လျက်
အုပ်စိုး (mmtl)
0 Comments