တခါက ကိုစဉ်းစားလို့ အမည်ရတဲ့ ကျွန်ုပ်တို့ရဲ့ ဇာတ်လိုက်ကြီး ရှိသတဲ့။ ကိုစဉ်းစားဆိုတော့ အင်္ဂလိပ်လို (Mr. Thinker) ပေါ့။ တစ်ရက်မှာ သင်္ဘောစီး ခရီးထွက်ရာက သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းပေါ် ရောက်သွားသတဲ့။ ပြန်လမ်းမဲ့ကျွန်းပေါ့ဗျာ။ ဘာလို့ အဲသလို ခေါ်ရသလဲ ဆိုတော့ ကျွန်းပေါ်ကနေ အသက်ရှင်လျက် ပြန်လာတဲ့သူ မရှိလို့ ဆိုပဲ။ အဲဒီ ကျွန်းပေါ်မှာ မိစ္ဆာဘုရင်ကြီး အုပ်ချုပ်သတဲ့။ ကျွန်းပေါ်မှာ သူစိမ်းရောက်နေတယ်ကြားတော့ ပိုက်စိပ်တိုက်ရှာကြတာ နောက်ဆုံး ကိုစဉ်းစားကို မိသွားပါသတဲ့။

ကျွန်းပေါ်ရောက်တဲ့သူတွေဟာ ခေါင်းဖြတ်သတ်ခံရရင်သတ်ခံ၊ မဟုတ်ရင် ကြိုးကွင်းစွပ်ပြီး သတ်ခံရသတဲ့။ နောက်မှ သူသိရတာပါ။ ရဲမက်တွေက သူ့ကို မိစ္ဆာဘုရင်ကြီးဆီ ခေါ်သွားသတဲ့။

ဘုရင်ကြီး။ ။ ဟေ့ ဒီကျွန်းပေါ်ရောက်ရင်တော့ ပြန်လမ်းမရှိဘူးကွယ်… တို့က လူစိမ်းလက်မခံဘူး ပြန်လည်း မလွှတ်နိုင်ဘူး… မင်းတို့တွေက တစ်ယောက်သိရင် တစ်ရွာလုံး နယ်ချဲ့ကြတဲ့အမျိုးတွေကိုး…

ကိုစဉ်းစား။ ။ ကျွန်တော် ဒီကျွန်းရောက်ခဲ့တာ ဘယ်သူ့မှ ပြန်မပြောပါဘူးဗျ…

ဘုရင်ကြီး။ ။ တိတ်စမ်း။ မင်းကို သတ်မှရမယ်။ အဲ… အကြောင်းမရှိဘဲ သတ်ပြန်ရင် ငါတို့ဘက်က မတရားရာ ကျမှာပေါ့။ ဒီတော့ ငါတို့က ကွပ်မျက်ခံရမယ့်သူကို မသေခင် ကြိုက်ရာ တစ်ခုပေးပြောသကွ…

ကိုစဉ်းစား။ ။ ဟုတ်… ဘာပြောရမှာလဲခဗျာ…

ဘုရင်ကြီး။ ။ တိတ်စမ်း… မင်းပြောချင်ရာပြောလို့ရတယ်… ဒါပေမယ့် မင်းပြောတဲ့ အချက်က မှန်တယ်ဆိုရင် မင်းကို ကြိုးကွင်းစွပ် သတ်မယ်။ မှားတယ်ဆိုရင် ခေါင်းဖြတ် သတ်မယ်… ဟုတ်ပြီလား.

ကိုစဉ်းစား။ ။ ဗျာ…


ဒီလိုနဲ့ ကိုစဉ်းစားကို ပါးကွက်သားလက် အပ်လိုက်တယ်။ ကဲ… စာဖတ်သူတို့ပဲ စဉ်းစားကြည့်ဗျာ။ ကိုစဉ်းစား ဘာပြောပြော သေကိန်းချည်းပဲ။ ဥပမာ။ ဘုရင်ကြီးမှာ မိဘုရား သုံးယောက်ရှိတယ်လို့ ကိုစဉ်းစားက ဖြေတယ်ဆိုပါတော့။ မှားရင် ခေါင်းဖြတ်သတ်ခံရမှာဖြစ်ပြီး မှန်ရင် ကြိုးကွင်းစွပ်သတ်ခံ ရမှာလေ…။ ဘုရင်ကြီးကို မြှောက်ပင့်တဲ့ အနေနဲ့… “အရှင်မင်းကြီးဟာ ဒီကမ္ဘာမှာ ရုပ်အချောဆုံး ပုဂ္ဂိုလ်ကြီးပါ” လို့ပဲ ပြောရမလား… “ဟေ့ ငပိန်းကြီး” လို့ပဲ ပြောရမလား…။

ကဲ… အသတ်မခံရခင် ဘာပြောသင့်သလဲ။ ပုံပြင်တို့ရဲ့ ထုံးစံအတိုင်း… ဇာတ်လိုက်ဆိုတာ လူဆိုးတွေ လက်ထဲမှာ အသေခံလို့ ဘယ်ဖြစ်မှာတုန်း။ Mr. Thinker ပဲလေ… လွယ်လွယ်နဲ့ သတ်လို့ ဘယ်ရမလဲ။ ဒီတော့… ကိုစဉ်းစားကို ကူစဉ်းစားပေးလိုက်ကြပါဦးဗျာ…။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

(သဲလွန်စ။ ။ Logical Paradox (ယုတ္တိဗေဒ ယုံတမ်း) တစ်ခုကို ပြောလျှင် သေဘေးမှ လွတ်နိုင်သည်။)


Han Thit Nyeim

His writings and articles has been published across a number of online medias and social platforms. He is also the author of the books: ကျွန်တော်ဖတ်ချင်သော ပုံပြင်များ; ကောင်လေးတစ်ယောက်ရဲ့ ရာဇဝင်; အလန်းစား၊ အလန်စာ၊ အလန့်စကား; ကျွန်တော်နှင့် သူမ; and ရှေးတရုတ်ပြည်မှ အသောအထေ့များ.

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *