ပြီးခဲ့တဲ့ အပိုင်း (၁)အပိုင်း (၂)အပိုင်း (၃) တွေမှာ ဖဲဗေဒင်ရဲ့ အဆင့်သုံးဆင့်ထဲက ဒုတိယအဆင့် အပွင့်တစ်ခုချင်းစီရဲ့ ပေါင်းစပ်ခြင်းတွေ အထိကို အသေးစိတ် လေ့လာခဲ့ပါတယ်။ ဒီနေ့မှာတော့… တတိယအဆင့်ဖြစ်တဲ့ နံပါတ် တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်တွေနဲ့ ဘယ်လို ပေါင်းစပ်အဖြေထုတ်မလဲ ဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။

ပထမဆုံး ပို့စ်မှာ ပြောသွားသလိုပါပဲ ဖဲချပ်တွေနဲ့ ဗေဒင်တွက်တာဟာ တားရော့ လီနော်မန် စတဲ့ ကတ်ပြားတွေနဲ့ အဖြေရှာတာလောက် အနှစ်သာရ မပြည့်ဝဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်း နက်နက်ရှိုင်းရှိုင်း လေ့လာမယ်ဆိုရင် ထူးခြားတာတွေကို တွေ့ရမယ်ဆိုတဲ့ အချက်ပါ။

ဖဲဗေဒင်ကို လေ့လာတဲ့သူတိုင်း ကြုံတွေ့ရတာက ဖဲဗေဒင်မှာ နည်းလမ်းအမျိုးမျိုး အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ အမျိုးမျိုးရှိနေတာပဲ ဖြစ်ပါတယ်။ ပြင်သစ်ကနည်း၊ အရှေ့တိုင်းကနည်း၊ ဂျစ်ပဆီတွေရဲ့နည်း စသည်ဖြင့် စုံလို့ပါပဲ။ ဒါပေမယ့် အခြားတစ်ဘက်မှာ အဲဒီနည်းလမ်းတွေကို သေချာလေ့လာ နှိုင်းယှဉ်ကြည့်တဲ့အခါ တားရော့၊ လီနော်မန် ကတ်ပြားတွေရဲ့ ဖွင့်ဆိုချက်တွေ ကွဲပြားသလိုမျိုးဖြစ်တာကို သတိထားမိပါလိမ့်မယ်။ ဆိုလိုတာက အခြေခံအားဖြင့် ကတ်ပြားတွေရဲ့ ယူဆပုံ တူညီတာပါ။ ဥပမာ။ King ဆိုရင် ယောက်ျား၊ Queen ဆိုရင် မိန်းမ စတာမျိုးပါ။

တတိယအဆင့် ဥပဒေသအပေါ် အသေးစိတ် လေ့လာခြင်း

ဒီတစ်ခါတော့ ကတ်ပြားတစ်ချပ်ခြင်းစီကို လေ့လာပါမယ်။ ဒါကလည်း သိပ်အခက်ကြီး မဟုတ်ပါဘူး နံပါတ် တစ်ခုချင်းစီကို အသေးစိတ် အခြေခံကျကျ လေ့လာခြင်းပဲဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ရွတ်ဆိုနေကျ… `အပျင်းစွဲတဲ့ ဖဲချပ်ကဗျာ´ ဆိုတာလေးရဲ့ တတိယအပိုဒ်ကို ပြန်သတိရမယ်ဆိုရင်…

တတိယအချက် မှတ်ကြပါ နည်းနည်းရှုပ်လို့ပါ
နံပါတ်တစ်ခုဆီ ရှင်းမယ်လေး တစ်ကနေ ကင်းအထိ တွေး။
၁ ဆိုတာက အစပါ၊ ၂ က ဖလှယ်မှုပါဗျာ
၃ ဆိုတာက တိုးတက်မှု၊ ၄ က တည်ငြိမ်မှု
နံပါတ် ၅ က ကိုယ်ခန္ဓာ ကျန်းမာရေးလည်းပါ
နံပါတ် ၆ က လမ်းပြပေး သွားမယ့် ရှေ့ခရီးအဝေး
၇ ကျတော့ ပြဿနာ၊ ၈ က တွေးခေါ်တာ
၉ က ဆိုတာ အပြောင်းအလဲ၊ ၁၀ အဆုံးသတ်ပဲ
ဂျက်ဆိုတာက ဖြတ်လတ်တာ နုနယ် ပျိုရွယ်မှုလည်းပါ
ကွင်းဆိုတာက မိန်းမမို့ မှန်ကန်မှုနဲ့ သက်ဆိုင်လို့
ကင်းဆိုတာကျ ယောက်ျားပါ ခွန်အားကြီးခြင်းတွေရှိတ
တစ် ကနေ ကင်း မှတ်မိညား အလွယ်တကူ ဟောပါဗျား

ဒီနေရာမှာ ကျွန်တော်တို့ ယူဆတဲ့ ဖွင့်ဆိုချက်တွေကတော့ အထက်မှာ ပြောသွားခဲ့တဲ့ ကဗျာလေးပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ အခြားသော မိမိနှင့် ကိုက်ညီတဲ့၊ ကာလံဒေသံ အလိုက်အထိုက် ဖွင့်ဆိုချက်တွေကို ပြောင်းလဲယူဆနိုင်ပါတယ်လို့ ဖြည့်ပြောချင်ပါတယ်။ အသေးစိတ်ကြည့်မယ်ဆိုရင်…

1️⃣

၁ ဂဏန်းဟာ အဦးအစ ဖြစ်ပါတယ်။ ဒါကြောင့် အပွင့်တိုင်းရဲ့ အစဖြစ်နေတာပါ။ မူလပထမ၊ ဦးဆောင်သူ၊ စွန့်ဦးတီထွင်သူ စတာတွေကိုလည်း ကိုယ်စားပြုပါတယ်။

2️⃣

၂ ဂဏန်းကတော့ ဖလှယ်မှု၊ ဝေမျှမှု၊ အပေးအယူ စတာတွေကို ဆိုလိုသလို၊ စုံတွဲ၊ ဒွိ စတာတွေကိုလည်း ရည်ညွှန်း ပါသေးတယ်။

3️⃣

၃ ဂဏန်းကတော့ တိုးတက်မှု၊ တိုးပွားမှုတွေကို ဆိုလိုတာပါ။ ဆင့်ကဲ ဖြစ်တည်လာမှု၊ ပြောင်းလဲခြင်း စတာတွေကိုလည်း ပြဆိုပါတယ်။

4️⃣

၄ ဂဏန်းကတော့ မလှုပ်မရှား တည်ငြိမ်နေမှု၊ အခြေတကျဖြစ်မှု စတာတွေကို ကိုယ်စားပြုပါတယ်။ ထိုင်ခုံတွေ၊ စားပွဲတွေ ခြေလေးချောင်းပါတာကို ကြည့်ပါ။

5️⃣

၅ ဂဏန်းကတော့ ကိုယ်ခန္ဓာ၊ ခြေ၊ လက်စတာတွေနဲ့ သက်ဆိုင်ပါတယ်။ (လူတစ်ယောက်မှာ ချွန်ထွက် နေတာဖြင့်… ခေါင်းတစ်ခု၊ လက်နှစ်ခု၊ ခြေနှစ်ခု ရှိလို့ပါ)။ ပြီးတော့ ငါးဂဏန်းဟာ ကျန်းမာရေးနဲ့လည်း သက်ဆိုင်ပါသေးတယ်။ စိတ်ကျန်းမာရေးနဲ့လည်း ပတ်သက်ပါသေးတယ်။

အထက်က ၁ ကနေ ၅ အထိ ဂဏန်းတွေရဲ့ ဖြစ်ပျက်နေပုံကို လေ့လာကြည့်မယ်ဆိုရင် သဘာဝအတိုင်း ဆိုတာကို သတိထားမိပါလိမ့်မယ်။ ပထမဆုံး စတင်ဖြစ်တည်လာတယ်… ပြောင်းလဲတယ်… တိုးတက်လာတယ်… ကာလတစ်ခုကို ရောက်တဲ့အခါ ရပ်တန့်သွားတယ်… အဲဒီမှာ ဖြစ်တည်လာတာက အကောင်အထည်၊ ကိုယ်လုံးကိုယ်ထည် ပေါ်လာတယ်။ ဒီသဘောပါပဲ။ ဒီတော့ နောက်ဆက်ဖြစ်မှာကို တွေးကြည့်ရင် အဲဒီ ခြေလက်နဲ့ လူက လမ်းပေါ်လျှောက်သွားတော့မယ်။ အဲဒီအခါ…

6️⃣

၆ ဂဏန်းဟာ လမ်းကြောင်း၊ သွားရမယ့် ခရီးကို ပြဆိုတာပါ။ ခြောက်ဖဲချပ်ကို ကြည့်လိုက်ရင်လည်း ဖဲပွင့်လေးတွေ စီနေပုံက လမ်းကြောင်းလေးတစ်ခုကို ဖော်ညွှန်းနေသလိုပါပဲ။ တစ်ဖက်မှာ အပွင့် သုံးခုစီ ရံထားတာ မဟုတ်လား။

7️⃣

၇ ဂဏန်းကတော့ ပြဿနာတွေ၊ အခက်အခဲတွေကို ရည်ညွှန်းတာပါ။ ၇ ဖဲချပ်ကို ကြည့်လိုက်ရင် ၆ ဖဲချပ်ရဲ့ အလည်မှာ အပွင့်လေးတစ်ခု ဖြည့်ထားတာ တွေ့ပါလိမ့်မယ်။ ဒါဟာ လမ်းလယ်မှာ အတားဆီးလေး ရှိနေသလိုမျိုးပေါ့။ အနောက်တိုင်း ဂဏန်းဗေဒင်မှာတော့ ဒါကို အတားအဆီးလို့ မယူဘဲ ဖုန်းကွယ်ထားခြင်း လျှို့ဝှက်ခြင်းလို့ ယူဆပါတယ်။ ၇ ဂဏန်းကို ထူးခြားဆန်းကြယ်သောဂဏန်း (mysterious number) စိတ်နှင့်ဆက်နွှယ်သောဂဏန်း အဖြစ် သတ်မှတ်ပါတယ်။

8️⃣

၈ ဂဏန်းကတော့ အတွေးအခေါ် အကြံအစည်တွေ၊ အိုင်ဒီယာတွေနဲ့ ပတ်သက်တာပါ။ သူ့ကို ရှေးရိုးအစဉ်လာရလည်း စိတ်နဲ့ ပတ်သက်တဲ့ ဂဏန်းအဖြစ် လက်ခံလာခဲ့တာပါ။ အနောက်တိုင်း ဂဏန်းဗေဒင်ကတော့ ၈ ကို လက်တွေ့ကျတဲ့ ဂဏန်းအဖြစ် သတ်မှတ်ပြီး၊ ၇ ကို စိတ်ကူးယဉ်ဂဏန်း အဖြစ်သတ်မှတ်ပါတယ်။

9️⃣

၉ ဂဏန်းကတော့ အပြောင်းအလဲကို ပြဆိုတဲ့ဂဏန်းပါ။ သူ့ကို လနဲ့ သက်ဆိုင်တဲ့ ဂဏန်းအဖြစ် ယူဆခဲ့ကြပါတယ်။ လမင်းဟာ အမြဲတမ်း ပြောင်းလဲနေတာပါ။ မြန်မာအယူမှာတော့ ကိုးနဝင်း မိုးအလင်း ဆိုတာ ရှိပါတယ်။ အပြောင်းအလဲကိုပဲ ပြဆိုတယ်လို့ အကြမ်းအားဖြင့် ယူဆနိုင်ပါတယ်။ တချို့က ပန်းတိုင်ကို ဦးတည်နေသော အပြောင်းအလဲလို့ ဆိုပါတယ်။ ၁၀ က ပြည့်စုံမှု ဖော်ပြပြီး ၉ ဟာ ၁၀ ပြည့်ဖို့ တစ်ခုသာ လိုတော့တာကြောင့် ဖြစ်ပါတယ်။

🔟

ဖဲထုပ်တစ်ထုပ်မှာရှိတဲ့ နံပါတ်စဉ်တွေရဲ့ နောက်ဆုံးဖြစ်တဲ့ ၁၀ ဂဏန်းကတော့ ခရီးအဆုံးသတ်၊ ပန်းတိုင် စတာတွေကို ပြဆိုတာပါ။ နံပါတ် ၁၀ ကို ဖွင့်ဆိုတဲ့အခါ အဆုံးသတ်တယ်လို့ ယတိပြတ်ကောက်ချက် မချသင့်ပါဘူး။ သူဟာ နောက်ဘဝတစ်ခုအတွက် အစပြုခြင်းလို့လည်း ယူဆနိုင်ပါသေးတယ်။ ဒါကြောင့် ၁၀ ဂဏန်းကို ဖတ်တဲ့အခါ ဖဲချပ်ဟာ ဘယ်အပွင့်ပဲ ဖြစ်နေပါစေ… စဉ်ဆက်မပြတ် ဖြစ်တည်မှု Continuous သဘောကိုလည်း မေ့မထားသင့်ပါဘူး။

အထက်က နံပါတ်စဉ် ၆ ကနေ ၁၀ အထိဖြစ်ပေါ်လာတာကလည်း သဘာဝ ဖြစ်စဉ်အတိုင်းပါပဲ။ နံပါတ် ၅မှာ အင်္ဂါစုံလာတဲ့ လူဟာ လမ်းကြောင်းပေါ်လျှောက်တယ်။ အခက်ခဲတွေ အတားဆီးတွေ တွေ့တယ်။ အဲဒီအခါမှာ ကြံစည်တွေးခေါ်မှုတွေနဲ့ ဘဝကို လက်တွေ့ကျကျ ပြောင်းလဲနေထိုင်ရင်း နောက်ဆုံးခရီးလမ်းကို တိုးတက်အောင် ကြံစည်လျှောက်လှမ်းသွားတယ်။ ဒီသဘောလေးပါပဲ။ သဘောတရားဟာ တရားသဘောပါ။ အဆုံးထိရောက်မှ အထိရောက်ဆုံး ဖြစ်ပါလိမ့်မယ်။ ၁ ကနေ ၁၀ အထိ မှတ်မိသွားရင်တော့ ကျန်တဲ့ ကတ်ပြားတွေကို မှတ်မိဖို့ လွယ်ကူသွားပါပြီ။

🤴

ကင်းဆိုတာ ဖိုယောက်ျား၊ ခွန်အားကြီးခြင်း စတာတွေကို ပြဆိုပါတယ်။ အာဏာ၊ ပါဝါ စတာတွေကိုလည်း ရည်ညွှန်းပါတယ်။

👸

ကွင်းဆိုတာကျတော့ အမျိုးသမီး၊ နူးညံ့ခြင်း၊ မေတ္တာတရား စတာတွေကို ရည်ညွှန်းပါတယ်။ မှန်ကန်ခြင်း၊ သစ္စာရှိခြင်း စတာတွေကိုလည်း ပြဆိုပါတယ်။

🧝‍♂️

ဂျက်ကတ်ပြားကျတော့ သတင်းစကား၊ လူငယ်၊ နုပျိုမှု စတာတွေကို ပြဆိုပါတယ်။ တက်ကြွမှု၊ စိတ်ထက်သန်မှုတွေကိုလည်း ပြဆိုပါတယ်။ လိင်အနေနဲ့ သူဟာ ကျားမ နှစ်မျိုး လုံးနဲ့ သက်ဆိုင်ပါတယ်။


ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။ နောက်တစ်ခါကျ နည်းနည်းလေး တစ်ဆင့်တိုးပြီး အပွင့်တွေနဲ့ ပေါင်းစပ်လေ့လာကြည့်ကြပါမယ်။ ဒါကြောင့် ခုပြောပြပြီးတဲ့ အဆင့်အထိ ကြေညက်နေဖို့ လိုပါလိမ့်မယ်။

ဖဲဗေဒင်ကို သင်ချင်တယ်။ ဒါပေမယ့် နားမလည်ဘူး၊ ကတ်ပြား ၅၂ ချပ်စလုံးကို မှတ်ရခက်တယ်ဆိုတာ ခုလို အဆင့်တစ်ဆင့်ခြင်းစီကို ခွဲပြီး မလေ့လာလို့ပါ။ သင်္ကေတတွေ၊ ကိန်းဂဏန်းတွေမှာ တူညီတဲ့၊ အခြေခံကျတဲ့ ဆိုင်ရာ သဘောသဘာဝတွေရှိနေတာကို မသိလို့ပါ။ အရှင်းမြင်မှ အမြင်ရှင်းပါလိမ့်မယ်။ ဒါကြောင့် ရှင်းလင်းသော အမြင်ဖြင့် ဖဲဗေဒင်ကို ကျွမ်းကျင်စွာ သင်ယူ အသုံးချနိုင် ကြပါစေလို့ ကျွန်တော် အုပ်စိုးမှ ဆုမွန်ခြွေလိုက်ပါတယ်။

ဆက်ရန်…

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး (mmtl)


Oak Soe

Oak Soe is passionate about exercising the fortune telling, wizardry art, mythology, occultism, traditional beliefs etc. In addition, he has been practicing the hypnotism, mentalism, and fortune telling as his hobby. He is the author of several articles and books on Burmese magic squares. His recent prominent books are အလင်းပြသင်္ချာ အင်းစမပညာကျမ်း and ကြည့်ရှင်းမြင်သာ ယိကျင်းပညာ. Make a connection with him to get good vibes in your daily life.

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *