တစ်ခါတုန်းက ဖြစ်သည်။ ယုန်ငယ်တစ်ကောင် သစ်ပင်အောက်တွင် အိပ်နေသည်။
ဖုန်း!!!!
တစ်စုံတစ်ခု သစ်ရွက်ခြောက်ပေါ် ပြုတ်ကျသောအသံဖြစ်သည်။ ကျယ်လောင်သော အသံကြောင့် ယုန်ငယ်လည်း အိပ်နေရာမှ လန့်နိုးသွားတော့သည်။
“မဟုတ်မှလွဲရော၊ ဒါ မိုးပြိုတာပဲ ဖြစ်မယ်”
တစ်ကိုယ်တည်း ပြောပြီး ကြောက်အားလန့်အားနှင့် ထပြေးတော့ရာ တောတစ်ခွင် ဘယ်ရောက်လို့ ဘယ်ပေါက်မှန်းပင် သူသိပုံမပေါ်။
“ကိုရွှေယုန်၊ ဘာဖြစ်တာလဲဗျ”
ဘယ်သူတွေ ဘာမေးမေး ယုန်က မဖြေ။ စွတ်ပြေးနေတော့သည်။ သူ့ကို ကြည့်ပြီး ကျန်တဲ့တောကောင်တွေပါ လန့်လာတော့သည်။ ဒါနဲ့ပဲ ဘာရယ်၊ ဘာကြောင့်မှန်း မသိဘဲ ကျန်တဲ့အကောင်တွေပါ လိုက်ပြေးတော့သည်။ သမင်၊ ခွေး၊ ဝက်၊ ဝံပုလွေ၊ သစ်ကုလားအုတ် စသည့်အကောင်တွေကနေ ကျား၊ ဆင် စသည့် တောကောင်ကြီးတွေပါ ပြေးတဲ့အထဲ ပါလာတော့သည်။
ဝုန်း၊ ဖြောင်း၊ ဖောင်း…
တစ်တောလုံး ဗြောင်းဆန်းပြီး ဝုန်းဒိုင်းကြဲနေသံကြောင့် အိပ်ရာမှ လန့်နိုးလာသူမှာ တောဘုရင် ခြင်္သေ့မင်း ဖြစ်လေသည်။ ဘာများဖြစ်ပါလိမ့်လို့ ဂူပြင်ကို ထွက်ကြည့်လိုက်တော့…
“အားပါးပါး၊ တောကောင်တွေ မနည်းပါလား၊ ဘာများဖြစ်ပါလိမ့်…”
ခြင်္သေ့မင်းတောင် လန့်ပြီး ရေရွတ်မိတော့တယ်။ ဒါနဲ့ပဲ အကောင်တွေ သူ့ဂူရှေ့ ဖြတ်လာတဲ့အခါမှာ မေးတယ်။
“ဘာဖြစ်ကြတုန်းဟ”
သူ့အမေးကို ဘယ်သူမှ ပြန်မဖြေကြဘူး။ အမောတကောနဲ့သာ ပြေးနေကြတယ်။ ဒီတော့ ခြင်္သေ့မင်းလည်း သူ့ရဲ့ အစွမ်းကို ပြဖို့ လုပ်ရတော့တယ်။ အသက်ကို ဝအောင်ရှူတယ်။ ရင်ဘတ်ကို ကားအောင်ဖွင့်ပြီး အသံကုန် အော်လိုက်တော့တယ်။
“Everybody Stop!!!!”
သူ့အော်သံကြောင့် မီးကိုရေနဲ့ ငြိမ်းလိုက်သလို ပြေးနေတဲ့ တောကောင်တွေ အကုန်ရပ်သွားကြတော့တယ်။ ရုတ်ချည်း ရပ်ပစ်ရတာဆိုတော့ တစ်ကောင်နဲ့တစ်ကောင် ဝင်တိုက်ကုန်တော့တယ်။ ကောင်းကင်မှာ လိုက်ပျံလာတဲ့ ငှက်တွေလည်း လန့်ပြီး ရပ်လိုက်တော့ အကုန် တဖုတ်ဖုတ်နဲ့ ပြုတ်ကြကုန်ကြတော့တယ်။
အကောင်တွေအားလုံးငြိမ်လို့ သွေးအေးသွားတဲ့အခါ ခြင်္သေ့မင်းက မေးတယ်။
“ဘာဖြစ်ကြတာတုန်းဟ”
“မ၊ မသိပါဘူး”
“မသိဘူးခင်ဗျာ”
“ဘယ်သိမှာလဲ”
အားလုံးတစ်ယောက်တစ်ပေါက် ဖြေကြတာက မသိဘူး ဆိုတော့ ခြင်္သေ့မင်းလည်း ပိုဒေါပွလာတယ်။
“မသိဘဲ မင်းတို့ အားလုံးက စွတ်ပြေးနေစရာလား”
“မသိပါဘူး”
“လာပြန်ပြီ မသိပါဘူး၊ ဒီကိစ္စ ဘယ်ကနေ၊ ဘယ်သူစတာလဲ”
“မ… မသိ… သိ…”
“တိတ်စမ်း“
ခြင်္သေ့မင်း၏ ဒေါသတို့က အထွတ်အထိပ်ကို ရောက်နေပြီဖြစ်သည်။
“မသိလို့ မရဘူး၊ ဘယ်သူ့ဆီက စတာလဲ… ဖြေ…”
ဒီလိုနဲ့ တောကောင်တွေခမျာ သူ့မြင်လို့ ငါပြေးတာ၊ သူပြေးလို့ ငါလည်း လိုက်ပြေးတာ စသဖြင့် အချင်းချင်း လက်ညှိုးထိုးကြရင်း နောက်ဆုံးမှာတော့ ယုန်သူငယ်ဆီ ဘူတာဆိုက်တော့သည်။
“ဟေ့ ယုန်ငယ်”
“ဗျာ… ဟုတ်ကဲ့”
“မင်း၊ ဘာကြောင့် ပြေးရတာလဲ”
“ဟို… ဟို အိပ်နေရင်းက ဖုန်းခနဲ အသံကြားလို့ပါ”
“အဲဒါနဲ့ ပြေးစရာလားဟ”
“ဟို… ဟို… မိုးပြိုတယ် ထင်၊ ထင်လို့ပါ”
“ဟား… ဟား… ဟား”
ခြင်္သေ့မင်းခမျာ အူလှိမ့်အောင် ရယ်တော့တယ်။
“မိုးပြိုရင်ဖြင့် နင်ကော ငါတို့ကော ခုချိန်ဆို အကုန် မသာပေါ်ကုန်ပြီပေါ့ဟ၊ နင့်ဟာက မဟုတ်သေးပါဘူး။ အခွံမာသီး တစ်ခုခု ပြုတ်ကျတာပဲဖြစ်မယ်၊ နင်ဘယ်မှာ အိပ်နေတာလဲ လိုက်ပြစမ်း”
ဒီတော့မှ ယုန်ငယ်လည်း စောစောက သူအိပ်နေသော နေရာကို ခေါ်ပြတယ်။ အဲဒီနားက သစ်ရွက်ခြောက်တွေပေါ်မှာ တွေ့တာက ညိုညိုပြောင်ပြောင် အလုံးလေးတစ်ခု။ အရွယ်က ဥသျှစ်သီးတစ်လုံး အရွယ်မျှသာ။
“ဟ၊ ဒါဘာကြီးလဲဟ… ပုံစံက ဥသျှစ်သီးလိုလိုပဲ”
ခြင်္သေ့မင်းအပါအဝင် အားလုံးဟာ စိတ်ဝင်တစားနဲ့ အဲဒီ အလုံးနားကို ကပ်သွားကြတယ်။
“အံမယ်၊ တံဆိပ်ပုံလည်း ပါတယ်။ စာတန်းလည်း ထိုးထားတယ်။ ဘာတဲ့ ‘အီးသျှစ်တုံး’ ဆိုပဲ”
အားလုံးကလည်း စိတ်ဝင်တစားနဲ့ ကြည့်ကြတယ်။ ဒါပေမယ့် ဘယ်သူမှ သွားမထိရဲကြဘူး။
“ပညာရှိ၊ ဟေ့… ပညာရှိ ဇီးကွက် ဘယ်မှာလဲဟေ့”
“ဒီမှာပါ အရှင်…”
ဇီးကွက်ကြီးက မျက်မှန်တကားကား အိပ်ချင်မူးတူးပုံစံနဲ့ ရောက်လာတယ်။
“အေး၊ ဒီပုံက ဘာအဓိပ္ပာယ်လဲ၊ ပြီးတော့ ‘အီးသျှစ်တုံး’ ဆိုတာကိုပါ သိချင်တယ်”
“ဟုတ်ကဲ့ပါ…”
ဇီးကွက်က အသင့်လွယ်လာသော i Pad ကို ထုတ်လိုက်ပြီး စွယ်စုံကျမ်းကို ဖွင့်လိုက်တယ်။
“မှန်ပါအရှင်… ဒီအရုပ်ပုံဟာ နယူးကလီးယားရဲ့ သင်္ကေတဖြစ်ပါတယ်”
“ဘာလဲဟ၊ နယူကလီးယား ဆိုတာ၊ နယူးယီးယားနဲ့ ဘာဆိုင်လဲ”
“ဘာမှမဆိုင်ပါဘူးအရှင်၊ နယူးကလီးယား ဆိုတာ အင်မတန်မှ ပြင်းထန်စွာ ပေါက်ကွဲနိုင်တဲ့ စွမ်းအင်တစ်မျိုးပါ”
“ဟေ… ကြောက်စရာကြီးပါလားကွ၊ ဒါနဲ့ အီးသျှစ်တုံး ဆိုတာ ဘာလဲကွ၊ ဥသျှစ်သီးကို ပြောတာလား”
“မဟုတ်ပါအရှင်၊ အီး ဆိုသည်မှာ မစင် ဆိုသည့် အီးကို ဆိုလိုတာ ဖြစ်ပြီး၊ သျှစ်ဆိုသည်မှာလည်း မျက်နှာဖြူဘာသာအားဖြင့် Shit မစင်ကိုပဲ ဆိုလိုတာပါ။ တုံး ဆိုတာက အတုံးအခဲလို့ ဆိုလိုတာပါ”
“ဟေ… ဒါဆိုရင်… ဒါ… ဒါကြီးက…”
“မှန်ပါ… အင်မတန်မှ ပြင်းထန်စွာ ပေါက်ကွဲနိုင်သော အီအီးတုံးကြီးပင် ဖြစ်ပါသည် အရှင်”
“ဟေ… ဟုတ်လား၊ ဒါဆို အားလုံး ဒီနားက အမြန်ဆုံး ခွာကြဟေ့…”
ပြောပြီးတာနဲ့ ခြင်္သေ့မင်းက အရင်ဆုံး စပြေးတော့သည်။
ဝုန်း၊ ဖြောင်း၊ ဒိုင်း၊ ဖုန်း…
“ပြေးကွ၊ ပြေးကွ၊ ပြေးနိုင်မှ လွတ်မယ်နော်”
“အီအီးတုံးကြီး ဆိုပဲဟေ့…”
“ပြေးဟေ့၊ ပြေး…”
အားလုံးအော်ဟစ်ပြီး ထိုပြောင်ချော်ချော် အလုံးလေးနှင့် ဝေးနိုင်သမျှဝေးအောင် ပြေးကြလေတော့သည်။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
0 Comments