အပိုင်း (၄) မှာ ဖဲဗေဒင်ရဲ့ အဆင့်သုံးဆင့်ထဲက တတိယအဆင့်ဖြစ်တဲ့ နံပါတ် တစ်ခုချင်းစီရဲ့ အဓိပ္ပာယ်တွေကို အကျယ်ပြောပြခဲ့ပါတယ်။ ဒီတစ်ခါတော့ နံပါတ် တစ်ခုချင်းစီကို စပိတ်၊ ဟတ်၊ ဒိုင်းမွန်း၊ ကလပ်(ညှင်း) ဆိုတဲ့ အပွင့်တစ်ခုချင်းစီနဲ့ တွဲစပ်ပြီး လေ့လာတာကို ပြောပြပါမယ်။
ဒီအတွက် ဒုတိယ အဆင့်နဲ့ ပတ်သက်တဲ့ ကဗျာလေးဖြစ်တဲ့ “အသဲပုံက ချစ်မေတ္တာ၊ မိသားစုနဲ့ သူငယ်ချင်းပါ။ ဒိုင်းမွန်းဆိုတော့ ငွေကြေးပေါ့ စီးပွားရေးနဲ့ ဆိုင်တာပေါ့။ ညှင်းပွင့်ပြိုင်ဆိုင် အလုပ်အကိုင်၊ စီမံမှုနဲ့ဆိုင်။ စပိတ်ပုံနောက် ကောင်းတာပျောက် ပြဿနာတွေရောက်” ဆိုတာလေးကို ပြန်ရွတ်ကြည့်ဖို့ လိုပါမယ်။
ဒီနေရာမှာ ၅၂ ချပ်စလုံးကို မပြောပြတော့ပါဘူး။ နမူနာ အနေနဲ့ ၁၃ ချပ်ကိုပဲ ပြောပြပါမယ်။ ကျန်တာကို သင့်ရဲ့ အားထုတ်မှုနဲ့ လေ့လာသင်ယူပါလို့ အကြံပြုချင်ပါတယ်။ ကျွန်တော့်ရဲ့ ဖဲဗေဒင် သင်ခန်းစာတွေကို အခန်း (၁) ကနေ သေချာဖတ်မှတ်ထားခဲ့ရင် မခက်ပါဘူး။
Ace (အစပျိုးခြင်း) + ♥️ (မိသားစု၊ အချစ်၊ မိတ်ဆွေ):
ချစ်ခြင်း အစပျိုးခြင်း၊ ရည်းစားသစ်ရခြင်း၊ မိတ်ဆွေသစ် ရခြင်း၊ မိသားစုဝင် အသစ်မွေးဖွားလာခြင်း
2 (ဖလှယ်မှု) + A ♠️ (ပြဿနာ):
နှစ်ဦးနှစ်ဘက် အငြင်းပွားမှု၊ ပြတ်စဲခြင်း၊ ပေါင်းသင်းဆက်ဆံရေး မပြေလည်ခြင်း
3 (တိုးတက်မှု) + ♦️ (ငွေကြေး၊ စည်းစိမ်):
လစာတိုးရခြင်း၊ ငွေကြေးတိုးပွားလာခြင်း၊ အမြတ်ရခြင်း
4 (တည်ငြိမ်မှု၊ ရပ်တန့်မှု) + ♣️ (အလုပ်အကိုင်၊ စီမံကိန်း):
ခိုင်မြဲအခြေကျသော ပန်းတိုင်၊ မွဲပြာပုဆိုး ကိစ္စများ၊ ပျင်းရိဖွယ် အလုပ်အကိုင်များ၊ နှေးကွေးလေးလံသော ခြေလှမ်းများ
5 (ကိုယ်ခန္ဓာ၊ ကျန်းမာရေး) + ♥️ (ချစ်ခြင်း၊ မိသားစု၊ မိတ်ဆွေ):
လိင်ဆက်ဆံခြင်း၊ ခင်မင်မှုရဲ့ လက်တံ၊ ကျန်းမာရေးကောင်းခြင်း (အသည်းပုံဟာ ကောင်းတဲ့ကတ်ဖြစ်ပါတယ်)
6 (ခရီးလမ်း) + ♠️ (ပြဿနာ):
လမ်းမှားကို ဦးတည်နေခြင်း၊ ရွေးခြယ်မှုမှားခြင်း၊ ခရီးသွားရင်း ဒုက္ခရောက်ခြင်း၊ အကျိုးမြတ်မရသော ခရီးဖြစ်ခြင်း၊ စွန့်ပယ်ခံရခြင်း
7 (ပြဿနာ) + ♦️ (ငွေကြေး၊ စည်းစိမ်):
ငွေကြေး ပြဿနာ၊ အမြတ်မရခြင်း၊ အသုံးစရိတ် ခက်ခဲခြင်း
8 (အကြံအစည်) + ♣️ (အလုပ်ကိုင်၊ စီမံကိန်း):
အလုပ်အကြောင်း စဉ်းစားခြင်း၊ အလုပ်ပြောင်းရန် စဉ်းစားခြင်း၊ လက်တွေ့ကျသော အကြံအစည်
9 (အပြောင်းအလဲ) + ♥️ (ချစ်ခြင်း၊ မိသားစု):
ကောင်းမွန်သော အပြောင်းအလဲ (အသဲပုံက ကောင်းသောကဒ်ဖြစ်၍) ဆုတောင်းပြည့်သော ကတ်ပြားဟုလည်း ရှေးရိုးအစဉ်အလာ လက်ခံထားသည်။
10 (အဆုံးသတ်၊ ပန်းတိုင်) + ♠️ (ပြဿနာ):
ပြဿနာပေါင်း သောင်းခြောက်ထောင်၊ ထိခိုက် ပျက်ဆီး ဝမ်းနည်းရခြင်း၊ ပြဿနာဖြင့် အဆုံးသတ်ခြင်း
King (ယောက်ျား၊ ခွန်အား) + ♦️ (ငွေကြေး၊ စည်းစိမ်):
ငွေကြေးချမ်းသာသော ယောက်ျား၊ ငွေကြေးအင်အား တောင့်တင်းမှု၊ ငွေကြေးခိုင်မာသော စီးပွားရေး
Queen (မိန်းမ၊ မှန်ကန်မှု) + ♣️ (အလုပ်အကိုင်၊ စီမံကိန်း):
လက်တွေ့ကျသော၊ တက်ကြွသော အမျိုးသမီး၊ ဘဝအတွက် လှုပ်ရှားရုန်းကန်နေသော အမျိုးသမီး၊ သစ္စာတရား၏ ခေါ်ဆိုသံ၊ ကွက်တိ အဆင်ပြေသော အလုပ်အကိုင်၊ မှန်ကန်စနစ်ကျသော စီမံမှု
Jack (သတင်း၊ နုပျိုခြင်း) + ♥️ (ချစ်ခြင်း၊ မိသားစု၊ မိတ်ဆွေ):
မိသားစုထဲမှ ငယ်ရွယ်သူများ၊ မေတ္တာစာ၊ သူငယ်ချင်း မိတ်ဆွေထံမှ သတင်း၊ ပန်းစည်း၊ ကျေးဇူးတင်လွှာ
ဒီနေရာမှာ မမေ့သင့်တာကတော့ ပထမဆုံး သတ်မှတ်ချက်ဖြစ်တဲ့ “အနီကောင်း၊ အနက်ဆိုးတယ်” ဆိုတာလေးပါ။ အနက်ရောင်ဖြစ်တဲ့ ညှင်းကတ်ပြားက သိပ်အဆိုးကြီးမဟုတ်သည့်တိုင် အလုပ်ပိုလုပ်ရခြင်း ပိုမိုအားစိုက်ရခြင်းကို ပြဆိုပါတယ်။ စပိတ်ကတ်ပြားကတော့ အဆိုးဆုံးဖြစ်ပါတယ်။
ဆက်လက်ပြီး အလျဉ်းသင့်လို့ ရှေးရိုးလက်ခံထားတဲ့ ဖဲချပ်အဓိပ္ပာယ် တချို့ကို ပြောပြချင်ပါတယ်။ ဒီအယူတွေဟာ အနောက်တိုင်းနှင့် ဥရောပဘက်က အယူအစတွေ ဖြစ်ပါတယ်။ ရှေးထုံးကိုလည်း မပယ်နှင့် ဆိုတဲ့ စကားအရ လေ့လာကြည့်ဖို့ သင့်တယ်လို့ ဆိုချင်ပါတယ်။
- A ♥️ : အိမ်၊ မိသားစု
- A ♦️ : စာတစ်စောင်
- A ♣️ : အခွင့်အရေး၊ ပန်းတိုင်
- A ♠️ : ဆုံးဖြတ်ချက်၊ သေဆုံးမှု
- 3 ♠️ : တစုံတရာ ဆုံးရှုံးခြင်း
- 7 ♠️ : မျက်ရည်ကျရခြင်း (ပြဿနာအပုံအပင်)
- 9 ♥️ : ဆုတောင်းပြည့်ခြင်း
- 9 ♠️ : ဆုတောင်း မပြည့်ခြင်း
- 10 ♠️ : ပူပန်မှု
- Q ♠️ : (သို့) K ♠️ : ကွာရှင်းပြတ်ဆဲထားသောသူ
ဒီတစ်ခေါက်အတွက် သင်ခန်းစာကို ဒီနေရာမှာပဲ ရပ်နားပါရစေ။ အရင်က ပို့စ်တွေမှာ ပြောပြသွားခဲ့တဲ့ ကဗျာလေးနဲ့အတူ ခုတစ်ခေါက် ဖွင့်ဆိုချက်တွေကို လေ့လာသင်ယူပါလို့ ပြောချင်ပါတယ်။ နောက်လာမယ့် ပို့စ်မှာ ဘယ်လို ဖြန့်ကျက် ဟောကြားရတယ်ဆိုတာကို လက်တွေ့နမူနာတွေနဲ့ အသေးစိတ် ပြောပြမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီအဆင့်အထိ ကြေညက်နေဖို့ လိုပါမယ်။
ဖဲဗေဒင်ကို အပျော်သက်သက် မဟုတ်ဘဲ ရင်ထဲ နှလုံးသားထဲကနေ လေးလေးနက်နက် သင်ကြား၊ ဟောကြား ပေါက်မြောက်နိုင်ပါစေလို့ မောင်အုပ်စိုး ဆုမွန်ချွေလိုက်ပါတယ်။
ဆက်ရန်…
အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး (mmtl)
0 Comments