“ကလေးဘဝ ပါရမီ”

ဆယ်နှစ်သားအရွယ်သာရှိသေးတဲ့ ဟန်ပြည်နယ် အရှေ့ပိုင်းက ခုန်ရုန် (Kong Rong) ဟာ နာမည်ကျော် ပညာရှင် လီယင်း (Li Ying) ဆီကို အလည်အပတ် သွားခဲ့တုန်းကပေါ့။ ကောင်လေးဟာ မေးလာတဲ့ မေးခွန်းတော်တော် များများကို သင့်တင့်လျောက်ပတ်စွာ ဖြေကြားခြင်းဖြင့် သူ့ရဲ့ ပါရမီအစွမ်းကို လီယင်းနဲ့ ဧည့်သည်တော်တွေ အရှေ့မှာ ပြသခဲ့ပါတယ်။

ကောင်လေးကို ရှိနေတဲ့ ဧည့်သည်တွေထဲမှာ တစ်ယောက်ကလွဲလို့ အားလုံးက ချီးကျူးကြတယ်။ လူတော်တော်များများပြောကြတာက ဆယ်နှစ်အရွယ်မှာတင် ဒီလောက်တော်နေရင် သူ့အနာဂတ် တက်လမ်းကတော့ ဒီထက် ကောင်းမွန်ဖို့ ရှိမယ် ဆိုတာပါ။

အဲဒီမှာ ချန်ဝေ (Cheng Wei) ဆိုတဲ့သူ တစ်ယောက်ကတော့ အားလုံးနဲ့ ဆန့်ကျင်ပြီး ပြောတယ်။ “ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တော်နေရင်တော့ အသက်ကြီးတဲ့အခါ အောင်မြင်ဖို့ အခွင့်အလမ်းနည်းပါးမှာ သေချာတယ်’” တဲ့။

ခုန်ရုန်း ကချက်ချင်းပဲ ပြန်ပြောတယ်။ “ဦးလေးရဲ့စကားအရ ဦးလေးဟာ ငယ်ငယ်တုန်းက အလွန်တော်ခဲ့ပုံရတယ်ဆိုတာ ထင်ရှား နေတယ်ဗျ” တဲ့။


“… ၏မြည်း”

နာမည်ကြီး သုံးနိုင်ငံ စစ်ပွဲထဲက ကျူးကော်လျန့် (Zhuge Liang) မှာ ကျူးကော်ကျင်း (Zhuge Jing) ဆိုတဲ့ အစ်ကိုကြီးတစ်ယောက် ရှိတယ်။ သူ့မျက်နှာဟာ မြည်းနဲ့တူလေတော့ လူတွေက “မြည်းမျက်နှာ” လို့ နာမည်ပြောင်ပေးထားတယ်။ သူဟာ ဝူပြည်နယ်အရှေ့ပိုင်းက အကြီးအကဲ စွန်းချွမ်း (Sun Quan) ဆီမှာ အမှုထမ်းပြီး ကျူးကော်ခဲ့ (Zhuge Ke)ဆိုတဲ့ သားတစ်ယောက် ရှိတယ်။ သူ့သားဟာ စာတော်တယ်၊ သွက်လက် ထက်မြက်တယ်လို့လည်း နာမည်ကြီးတယ်။

တနေ့မှာ စွန်းချွမ်းဟာ သူရဲ့အမတ်တွေ အတွက် စားတော်ပွဲကြီးတစ်ခု ကျင်းပတယ်။ အဲဒီမှာ သူက လူတစ်ယောက်ကို မြည်းတစ်ကောင် ဆွဲလာခိုင်းတယ်။ မြည်းရဲ့မျက်နှာမှာ ကျူးကော်ကျင်း လို့ရေးထားတဲ့ စာရွက်ပိုင်းလေး ကပ်ထားတယ်။ ဆိုလိုတာက ကျူးကော်ကျင်းဟာ မြည်းလိုပဲ မျက်နှာရှည် ရှိတယ်ပေါ့။

စွန်းချွမ်း ဒီလို လုပ်တာ လူတကာကို အားရပါးရ ရယ်မောစေပေမယ့် ကျူးကော်ကျင်း ကတော့ အရှက်ရပြီး မရယ်နိုင်ဖြစ်နေတယ်။

ဒီလို အခက်ကြုံနေတဲ့ အခိုက်မှာပဲ… ကျူးကော်ကျင်းရဲ့သား ကျူးကော်ခဲ့က စွန်းချွမ်းရှေ့မှာ ဒူးထောက်လိုက်ပြီး စာရွက်အပိုင်းလေးက ရေးထားတာကို နောက်ထပ် နှစ်လုံးလောက် တိုးခွင့်ပြုပါလို့ ခွင့်တောင်းတယ်။ ဒါကို စွန်းချွမ်းကလည်း သဘောတူ လိုက်တယ်။

ကျူးကော်ခဲ့က သူ့အဖေရဲ့ နာမည်အနောက်မှာ “၏မြည်း” ဆိုပြီး နောက်ထပ်နှစ်လုံး ထပ်တိုးလိုက်ခြင်းဖြင့် “ကျူးကော်ကျင်း၏မြည်း” လို့တခြားအဓိပ္ပာယ် သက်ရောက် သွားစေခဲ့ပါတယ်။

ဒါ့ကြောင့်ပဲ အရှေ့ဝူအကြီးအကဲ စွန်းချွမ်းဟာ စားတော်ပွဲအပြီး ကျူးကော်ခဲ့က မြည်းကိုဆွဲပြီး အလကားယူသွားတာတောင် တားပိုင်ခွင့်မရှိခဲ့ပါဘူးတဲ့။

Categories: Jokes & Humor

Han Thit Nyeim

His writings and articles has been published across a number of online medias and social platforms. He is also the author of the books: ကျွန်တော်ဖတ်ချင်သော ပုံပြင်များ; ကောင်လေးတစ်ယောက်ရဲ့ ရာဇဝင်; အလန်းစား၊ အလန်စာ၊ အလန့်စကား; ကျွန်တော်နှင့် သူမ; and ရှေးတရုတ်ပြည်မှ အသောအထေ့များ.

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *