အရင်ပို့စ်တွေမှာ ဖဲဗေဒင်နဲ့ ပတ်သက်တဲ့ အဆင့် ၃ ဆင့်ကို ပြောပြခဲ့ပါတယ်။ အပိုင်း (၅) အထိ ရှိပါပြီ။ ကဗျာလေးကိုလည်း ညွှန်းခဲ့ပါသေးတယ်။ ဒီတစ်ခါတော့ လက်တွေ့ တွက်ချက်တာကို နမူနာအနေနဲ့ သုံးချပ်တွဲ ဥပမာတွေနဲ့ ရှင်းလင်းပြီး ပြောပြပါမယ်။ သုံးချပ်တွဲကို နားလည်သွားရင်ဖြင့် ခြောက်ချပ်တွဲ၊ ကိုးချပ်တွဲ စသည်ဖြင့် တွက်ချက်ရတာ မခဲယဉ်းတော့ပါဘူး။
ပထမဆုံး ဖဲထုပ်ကို ဗေဒင်ဆရာကပဲ ကုလားဖန်ထိုးရပါမယ်။ ဗေဒင်မေးတဲ့သူကို လိုအပ်မှသာ ကိုင်တွယ်ခွင့် ပေးသင့်ပါတယ်။ ပြီးတဲ့အခါ မေးမြန်းတဲ့လူကို မေးခွန်းကို အာရုံပြုခိုင်းပြီး ဖဲထုပ်ကို ချိုးခိုင်းရပါမယ်။ ဒီနေရာမှာ စာမရေးတဲ့လက်ကို အသုံးပြုပြီး ချိုးခိုင်းရပါမယ်။ စာမရေးတဲ့လက်ကို အသုံးပြုခိုင်းရခြင်းကတော့ ဒီလက်ဟာ မသိစိတ်နယ်ပယ်နဲ့ ပတ်သက်နေလို့ပါ။ စာရေးတဲ့လက်က နေ့စဉ်အသုံးပြုနေတဲ့ သိစိတ်နဲ့ ပတ်သက်နေလို့ပါ။ ချိုးပြီးပြီဆိုရင် ဖဲချပ် ၃ ချပ်ကို ဘယ်ကနေ ညာဘက်ကို တစ်ချပ်ခြင်းစီ လှန်ပြီး ချလိုက်ရပါမယ်။
ဒီနေရာမှာ ကတ်ပြားသုံးချပ်ကို ဘယ်မှညာ အဓိပ္ပာယ်ကောက်ယူတဲ့အခါ ပထမဆုံးကတ်ရဲ့ အပွင့်က သင် ဘယ်ကိုရောက်နေခဲ့လဲ ဆိုတာကို ပြဆိုပြီး… ဒုတိယကတ်ကတော့ သင်ယခု ရှိနေတဲ့ နေရာကို ပြဆိုတာပါ။ တတိယကတ်ရဲ့ အပွင့်ပုံစံကတော့ ရှေ့က ကတ် နှစ်ခုရဲ့ အကျိုးဆက်ကြောင့် သင် ဘယ်ကို ရောက်မယ်ဆိုတာကို ပြဆိုတာပါ။ ဒါ့အပြင် တတိယကတ်ဟာ အရေးအပါဆုံးဖြစ်တာကြောင့် အလေးအနက်ထားပြီး လေ့လာသင့်ပါတယ်။ နမူနာတွေကို လေ့လာကြည့်ရအောင်…
ဥပမာ (၁) – K ♣️ | 3 ♦️ | 6 ♥️
ပထမဆင့် ဥပဒေသနဲ့ ကြည့်မယ်ဆိုရင် နက်နီနီ (⚫️ 🔴 🔴) ဖြစ်ပါတယ်။ ဒါကြောင့် ပြဿနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပြီး အခြေအနေတွေ တဖြည်းဖြည်း တိုးတက်လာမယ်လို့ ကောက်ချက်ချရပါမယ်။
ဒုတိယအဆင့် ဥပဒေသနဲ့ တိုက်ကြည့်မယ်ဆိုရင် ညှင်း၊ ဒိုင်းမွန်း၊ အသဲ ပုံဖြစ်တာကြောင့် အလုပ်အကိုင်ဖြင့် ငွေကြေးအောင်မြင်ခြင်း လို့ ယူဆရပါမယ်။ နောက်ဆုံးကတ်က အသဲပုံဖြစ်တဲ့အတွက် အောင်မြင်မှုဟာ အလွယ်တကူ ရောက်ရှိလာမှာ ဖြစ်ပါတယ်။
တတိယအဆင့် ဥပဒေနဲ့ စစ်ဆေးကြည့်မယ်ဆိုရင်…
K (ယောက်ျား၊ ခွန်အားကြီးခြင်း) + ♣️ (အလုပ်အကိုင်၊ အကြံအစသည်)
ဆံပင်အနက်ရောင် လက်တွေ့ဆန်တဲ့ ယောက်ျားတစ်ယောက်၊ အလုပ်မှ ယောက်ျားမိတ်ဆွေ၊ အလုပ်မှ တာဝန်ရှိသူ ယောက်ျား၊ သေချာစနစ်တကျ စီစဉ်ထားသဖြင့် အောင်မြင်ရန် သေချာသော အကြံအစီ၊ အလုပ်ကုမ္ပဏီမှ မျှတသော ဆက်ဆံမှု ရခြင်း။
3 (တိုးတက်ခြင်း) + ♦️ (ငွေကြေး၊ ချမ်းသာမှု၊ ပွားစီးမှု)
လစာတိုးရခြင်း၊ ငွေကြေးပွားစီးလာခြင်း၊ အမြတ်ရခြင်း။
6 (လမ်းကြောင်း) + ♥️ (ချစ်ခြင်း၊ မိသာစု၊ မိတ်ဆွေ)
သာယာသော လမ်းကြောင်း၊ မိသားစု မိတ်ဆွေများနှင့် ခရီးထွက်ခြင်း၊ မိတ်ဆွေ သူငယ်ချင်းများနှင့် အခမ်းအနားလုပ်ခြင်း၊ ယေဘုယျ တိုးတက်မှုရှိခြင်း။
ဒီလောက်ဆိုရင် အဓိပ္ပာယ်ဖွင့်ဆိုဖို့ အချက်အလက်များ လုံလောက်ပြည့်စုံနေပါပြီ။ ကျလာတဲ့ ဖဲချပ်သုံးချပ်က ဘာကို ဆိုလိုသလဲဆိုရင် ဗေဒင်မေးသူရဲ့ သူဌေး (Boss) က သူ့ကို လစာတိုးပေးကောင်း တိုးပေးမယ်၊ ဘာကြောင့်လဲ ဆိုရင်ဖြင့် သိပ်မကြာသေးခင်က ကုမ္ပဏီရဲ့ အမြတ်ငွေ တိုးလာလို့ ဖြစ်တယ်။ ဒီလို တိုးမြှင့်တာဟာ မထင်မှတ်ဘဲ ဖြစ်လာမှ ဖြစ်တယ်။ (အသဲပုံဟာ နောက်ဆုံးကတ်ဖြစ်တာကြောင့် လွယ်လင့်တကူ ဖြစ်လာတာကိုလည်း ဆိုလိုတယ်) ဒါပေမယ့် အဲလို ဖြစ်လာတဲ့ တိုးတက်မှုတွေဟာ ဗေဒင်မေးသူအတွက် နှစ်လိုစရာကောင်းမှာဖြစ်တယ်။ အဲဒီကနေ အခမ်းအနား၊ ပွဲတစ်ခုခု (ညစာစားခြင်း၊ ဒါမှမဟုတ် ခရီးထွက်ခြင်း) စတာတွေကို ဖြစ်စေမယ်။ ဒါမှမဟုတ်ရင်လည်း မိသားစု ပျော်ပွဲစား ထွက်တာမျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။
ဥပမာ (၂) – 2 ♠️ | 8 ♣️ | 7 ♥️
ပထမအဆင့် ဥပဒေသနဲ့ ကြည့်မယ်ဆိုရင် နက်နက်နီ (⚫️ ⚫️ 🔴) ဖြစ်တာကြောင့် လှိုင်ခေါင်းရှည်ရဲ့ အဆုံးမှာ မျှော်လင့်ချက် အလင်းရောင်လေး တွေ့ရသလိုမျိုး ယူဆရပါမယ်။
ဒုတိယအဆင့် ဥပဒေသနဲ့ ကြည့်မယ်ဆိုရင် စပိတ်၊ ညှင်း၊ အသဲ ဖြစ်တာကြောင့် လုပ်ငန်းကိစ္စတွေ၊ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတွေမှာ ပြဿနာဖြေရှင်းရခြင်းကို ပြဆိုတာပါ။ အသဲပုံက နောက်ဆုံးမှာ ဖြစ်တာကြောင့် ပြဿနာတွေဟာ ဗေဒင်မေသူအတွက် သိပ်အားထုတ်ရခြင်း မရှိဘဲ ပြေလည်သွားမှာကို ပြဆိုနေပါတယ်။
တတိယအဆင့် ဥပဒေသနဲ့ ကြည့်မယ်ဆိုရင်…
2 (ဖလှယ်မှု) + ♠️ (ပြဿနာ)
အငြင်းအခုန်၊ ကွဲလွဲခြင်း၊ ဆက်ဆံမှု မပြေလည်ခြင်း
8 (အတွေးအခေါ်၊ စိတ်ကူးစိတ်သန်း) + ♣️ (အလုပ်အကိုင်၊ အကြံအစည်)
အလုပ်အကြောင်း စဉ်းစားခြင်း၊ အလုပ်ပြောင်းရန် စဉ်းစားခြင်း၊ လက်တွေ့ကျသော စီမံကိန်းများ
7 (ပြဿနာ) + ♥️ (ချစ်ခြင်း၊ မိတ်ဆွေ၊ မိသားစု)
ချစ်ခြင်းပြဿနာ၊ မတည်ငြိမ်သော စိတ်ခံစားမှု၊ ပြဿနာများ တဖြည်းဖြည်း လွင့်ပြယ်သွားခြင်း
အဆင့်သုံးဆင့်လုံးနဲ့ သုံးသပ်ပြီးလို့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ မသွားခင် သတိပြုရမယ့် ကတ်ကို ကြည့်ပါဦးမယ်။ အဲဒါက 7 ♥️ ကတ်ပြားပါ။ နံပါတ် ၇ (ပြဿနာဖြစ်ခြင်း) လို ဆိုးတဲ့အဓိပ္ပာယ်ရှိတဲ့ နံပါတ်နဲ့ အသဲပုံလို ကောင်းတဲ့ သင်္ကေတ ကျတဲ့အခါ ဘယ်လို ကောက်ရမလဲ။ အထက်မှာ ကောက်ယူပြခဲ့တာကို တွေ့ပါလိမ့်မယ်။ ချစ်ခြင်းပြဿနာနဲ့ ပြဿနာများ တဖြည်းဖြည်း လွင့်ပြယ်သွားခြင်း ဆိုပြီး ရှုထောင့် ၂ မျိုးလုံးကနေ ကောက်ယူလို့ ရပါတယ်။ ဒီတော့ ဘယ်ဟာကို အမှန်လို့ ယူဆမှာလဲ။ နှစ်မျိုးစလုံးက ဖြစ်နိုင်ချေ ရှိတာတွေကို ပြဆိုတာပါပဲ။
ဒီနေရာမှာ ပထမနဲ့ ဒုတိယ အဆင့် ဥပဒေသတွေက အသုံးဝင်လာပါပြီ။ နက်နက်နီ ဖြစ်လေတာရယ်၊ အသဲပုံနဲ့ အဆုံးသတ်တာတွေကြောင့် 7 ♥️ ဟာ အနည်းဆုံးတော့ တိုးတက်ဖြစ်တည်လာမှု တစ်ခုခုနဲ့ ပတ်သက်နေရတော့ပါမယ်။ ဒါကြောင့် ပထမဆုံး စပိတ်ကတ်က ပြဆိုတဲ့ ပြဿနာတွေဟာ ဗေဒင်မေးသူအဖို့ သိပ်အားစိုက်မထုတ်ရဘဲ ပြေလည်သွားမှာ ဖြစ်ပါတယ်လို့ ကောက်ယူရမှာပါ။
သုံးချပ်လုံးကို ပေါင်းပြီး အဓိပ္ပာယ်ဖွင့်ဆိုမယ် ဆိုရင်ဖြင့် ဗေဒင်မေးသူဟာ လုပ်ငန်းကိစ္စတွေမှာ ပြဿနာ ဖြစ်နေတာ သေချာပါတယ်။ အဲဒီ အခြေအနေက သူ့ရဲ့ စိတ်ကိုစိုးမိုးနေပြီး စိတ်ခံစားမှုတွေကို အနှောက်အယှက် ပြုနေပါတယ်။ ပြီးတော့ အခြေအနေက အတော်လေး ဆိုးလေတော့ ဗေဒင်မေးသူခမျာ တခြားအလုပ်အကိုင်တစ်ခုကို ပြောင်းရှာဖို့ စဉ်းစားနေတယ်လို့ ကောက်ချက်ချရပါမယ်။ ဒါပေမယ့် အလုပ်သစ်ရှာတာကို မလုပ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လှိုင်ဂူရဲ့ အဆုံးမှာ အလင်းရောင်တန်းလေး မြင်တွေ့ရတာကြောင့် ပြဿနာတွေဟာ ဗေဒင်မေးသူဘက်ကနေ သိပ်မဖြေရှင်းရဘဲ ပြေလည်သွားမှာ ဖြစ်လို့ပါပဲ။ ကောက်ချက်ချနိုင်တာ တစ်ခုက ဗေဒင်မေးသူကို ပြဿနာဖြစ်စေတဲ့လူက လာရောက်တောင်းပန်တာမျိုးလည်း ဖြစ်နိုင်တယ် ဆိုတာပါပဲ။
ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။ အခု နမူနာပြထားတဲ့ သုံးချပ်တွဲ ဥပမာတွေကို သေချာအောင် လေ့လာထားဖို့လိုတဲ့အပြင် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ဥပဒေသသုံးခုစလုံးကိုလည်း သေချာစွာ မှတ်မိနေဖို့ လိုပါတယ်။ ဒါမှ နောက်လာမယ့် သင်ခန်းစာမှာ ပြောပြမယ့် သုံးချပ်တွဲနမူနာတွေ၊ ကိုးချပ်တွဲ နမူနာတွေကို သဘောပေါက် နားလည်မှာ ဖြစ်ပါတယ်။
အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး (MMTL)
0 Comments