“ရိုးရိုးသမင်လား မြစ်သမင်လား”
စုန့်မင်းဆက် နာမည်ကျော် ပညာရှင် ဝမ်အမ်းစီ (Wang Anshi) ရဲ့သား ဝမ်ပန်း (Wang Pang)ဟာ သူငယ်ချင်းတစ်ယောက်အိမ်မှာ ကစားနေတုန်းကပေါ့။ အဲဒီအိမ် ခြံဝင်းထဲက လှောင်အိမ်ထဲမှာ ရိုးရိုးသမင်တစ်ကောင် နဲ့မြစ်သမင်တစ်ကောင်ကို ဖမ်းထည့်ထားတယ်။ အိမ်ရှင်က ဝမ်ဖန်းကို မေးတယ်။ “ဘယ်ဟာက ရိုးရိုးသမင်ဖြစ်ပြီး ဘယ်ဟာက မြစ်ကမ်းနားကလဲ” တဲ့။
ဆယ်နှစ်တောင် မပြည့်သေးတဲ့ ဝမ်ဖန်းက ဘယ်ဟာက ဘယ်ဟာဆိုတာကို ခွဲလို့မရပါဘူး။ ဒါပေမယ့် သူကပြောတယ်။ “မြစ်သမင်နဲ့ ကပ်လျက်အကောင်က ရိုးရိုးသမင် ဖြစ်ပြီး၊ ရိုးရိုးသမင်နဲ့ ကပ်လျက်အကောင်က မြစ်သမင်ပါ” တဲ့။
“ပျောက်ဆုံးနေတဲ့ ငါ”
ဉာဏ်ထိုင်းလှချည်ရဲ့လို့ နာမည်ကြီးတဲ့ အစိုးရရုံးထဲက ရှေ့တော်ပြေးတစ်ယောက်ဟာ အပြစ်ကျူးလွန်ထားတဲ့ ကိုယ်တော်တစ်ပါးကို အချုပ်ကို လိုက်ပို့ဖို့ တာဝန်ကျတယ်။ ခရီးစမထွက်ခင်မှာ သူသယ်ရမယ့် ပစ္စည်းတွေ စုံမစုံစစ်တယ်။
“ပစ္စည်းထုပ်ရယ်၊ ထီးရယ်၊ လည်ပင်းခတ်တဲ့ ထိပ်တုံးရယ်၊ အမိန့်စာရယ်၊ အပြစ်ရှိကိုယ်တော်ရယ်၊ ငါရယ်” တဲ့။
ကိုယ်တော်က သူ့ရဲ့ နုံအမှုကို သတိထားမိလေတော့ သူ့ကို ဝိုင်တွေ မူးလောက်အောင် တိုက်လိုက်တယ်။ ပြီးတော့ ဆံပင်ကိုရိတ်ပြီး ထိပ်တုံးကို သူ့လည်ပင်းမှာခတ်ခဲ့တယ်။ အမူးပြေတဲ့အခါ ရှေ့တော်ပြေးက သူ့ကိုယ်သူ ပြန်ပြောတယ်။
“ငါ့ပစ္စည်းတွေ စစ်ဦးမှပဲ”
အဲဒီမှာ အထုပ်နဲ့ ထီးကိုတွေ့တယ်။ ပြီးတော့ ထိပ်တုံးက သူ့လည်ပင်းမှာ ခတ်ထားတာကို ခံစားရတော့…
“ထိပ်တုံးက ဒီမှာ၊ ပြီးတော့ အမိန့်စာရယ်…”
ဒီနောက်မှာပဲ အလန့်တကြားပြောတယ်…
“ဟို ကိုယ်တော်တော့ ထွက်ပြေးပြီ ပေါ့”
ပြောရင်းနဲ့ ဆံပင်မရှိတဲ့ သူ့ခေါင်းတုံးကို စမ်းမိပြီး…
“အိုး.. တော်ပါသေးရဲ့ ကိုယ်တော်က ဒီမှာရှိနေတယ်။ ဟိုက်… ဒါဆို ငါက ဘယ်ရောက်နေပါလိမ့်…” တဲ့။
0 Comments