“ကိုစဉ်းစားနှင့် ပြန်လမ်းမဲ့ကျွန်း” ဆိုပြီး ယုတ္တိဗေဒ ဉာဏ်စမ်း (Logic Puzzle) လေးတစ်ခု မေးခဲ့ပါတယ်။ မဖတ်ရသေးရင် ဒီနေရာမှာ ဖတ်ပါ။ ဒီမှာ အဖြေပြောပြမှာ ဖြစ်တာကြောင့် အချိန်ယူ စဉ်းစားချင်သပဆိုရင် Spoiler ဖြစ်သွားမှာစိုးလို့ ကြိုပြောတာပါ။
အဲဒီပုစ္ဆာလေးကို အခြေခံထားတာက Crocodile Paradox (မိကျောင်းမင်း ယုံတမ်း) လို့ ခေါ်ပါတယ်။ ပုစ္ဆာလေးကို ပြန်နွှေးရမယ်ဆိုရင် ပြန်လမ်းမဲ့ကျွန်းကို သင်္ဘောပျက်ပြီး ရောက်သွားတဲ့ ကိုစဉ်းစားကို မိစ္ဆာဘုရင်ကြီးက မသတ်ခင် ကြိုက်ရာအချက်တစ်ခု ပြောစေသတဲ့။ အဆိုပါ အချက်အလက် (Statement) က မှန်တဲ့ အချက်အလက် ဖြစ်ခဲ့ရင် ကြိုးကွင်းစွပ် သတ်ခံရမှာဖြစ်ပြီး မှားခဲ့ရင် ခေါင်းဖြတ် သတ်ခံရမှာ ဖြစ်ပါတယ်။ သဲလွန်စ အနေနဲ့ အဖြေဟာ Logical Paradox (ယုတ္တိဗေဒ ယုံတမ်း) တစ်ခု ဖြစ်ရမယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။
အဖြေမှန်က… “ကျွန်တော့်ကို ခေါင်းဖြတ်သတ်မှာ” ဖြစ်ပါတယ်။ ဒါမှ မဟုတ်… “ကျွန်တော့်ကို ကြိုးကွင်းစွပ်သတ်မှာ မဟုတ်ဘူး” လို့ ဖြေလည်း ရပါတယ်။ ဒီလို ဖြေလိုက်ခြင်းဖြင့် ကိုစဉ်းစားကို သတ်မယ့် ပါးကွက်သားအတွက် ဒွိဟဖြစ်သွားစေပါတယ်။ သူပြောတဲ့အတိုင်း ခေါင်းဖြတ်သတ်ခဲ့ရင် ကိုစဉ်းစားပြောတဲ့ အချက်ဟာ မှန်သွားပါလိမ့်မယ်။ မှန်တဲ့အတွက် ကြိုးကွင်းစွပ်သတ်ရပါလိမ့်မယ်။
ဒီတော့ ကြိုးကွင်းစွပ်သတ်ပြန်ရင် ကိုစဉ်းစားပြောတာနဲ့ လွဲပါလိမ့်မယ်။ အဲဒီအခါ ကိုစဉ်းစား ပြောတာ မှားတဲ့အတွက် ခေါင်းဖြတ်သတ်ရပါမယ်။ ခေါင်းဖြတ် သတ်ပြန်ရင်လည်း ကိုစဉ်းစားပြောတာ မှန်သွားပါဦးမယ်။ ဒီလိုနဲ့ သံသရာလည်ပြီး Paradox ဆိုတဲ့ ဝိရောဓိတစ်ခု ဖြစ်တည်လာပါတယ်။ ဒီ Paradox ဖြစ်စေတာဟာ ကိုစဉ်းစားက မှားတဲ့အချိန်မှာ အပြစ်ပေးမယ့်နည်းလမ်းကို ဖြေလိုက်လို့ပါ။ ဥပမာ… ဘုရင်ကြီးက “မင်းပြောတာ မှားရင် ရေနှစ်သတ်မယ်ကွာ” ဆိုရင်… ကိုစဉ်းစားက… “ကျွန်တော့်ကို ရေနှစ်သတ်မှာပါ” လို့ ဖြေတာမျိုးပါ။
“မိကျောင်းမင်း ယုံတမ်း” လို့ ခေါင်းစဉ်တပ်ရတာကို ရှင်းပါဦးမယ်။ တစ်ခါက မြစ်ထဲမှာ မိကျောင်းကြီး တစ်ကောင် ကြီးစိုးနေပါသတဲ့။ လာသမျှလူ အလွတ်မပေးပဲ ဖမ်းစားလေ့ရှိတယ်။ တစ်ရက် ကလေးငယ်လေး တစ်ယောက်နဲ့ သူ့မိခင်ဟာ မြစ်ကမ်းနား လမ်းလျှောက်နေတုန်း မိကျောင်းဟာ ကလေးကို လှမ်းဟပ်လိုက်ပါတယ်။
ကလေးငယ်ပါသွားတော့ မိခင်က… “ကျွန်မကလေးကို ပြန်ပေးပါ မိကျောင်းမင်း” လို့ ငိုယိုတောင်းပန်တယ်။ အဲဒီအခါ မိကျောင်းက… “ဒါဆိုရင် ခင်ဗျား ကလေးကို ကျွန်တော် ပြန်ပေးမှာလား… စားပစ်မှာလား ပြောစမ်းဗျာ။ မှန်အောင် ပြောနိုင်ရင် ပြန်လွှတ်ပေးမယ်” လို့ ပြောတယ်။ (မိကျောင်းက သင်ကာဂရုတွေ ဘာတွေမှာ မန်ဘာဝင်ဖူးလား မသိပါဘူးဗျာ။ ပဟေဠိတွေ ဘာတွေ ဖွက်တတ်သဗျ။ ဤကား စကားချပ်) ထားပါတော့။ အဲဒီ မိကျောင်း ပြောတဲ့စကားမှာ အဓိက အသက်က “မှန်အောင် ခန့်မှန်းနိုင်ရင် ပြန်လွှတ်ပေးမယ်” ဆိုတာပါ။
ဒီနေရာမှာ ကလေးအမေခမျာ ခေါင်းသုံးရတော့တယ်။ မိကျောင်းကို Positive Thinking ဆိုတဲ့ အကောင်းဘက်က မြင်ပြီး… “မိကျောင်းမင်းဟာ ကျွန်မကလေးကို ပြန်ပေးမှာပါ” လို့ ဖြေလိုက်ရင်သွားပြီ။ မိကျောင်းဟာ ဟန်သစ်ငြိမ်လို စိတ်ကောင်းရှိတဲ့သူ ဖြစ်ရင်တော့… “မှန်တယ်… ရော့ နင့်ကလေး ပြန်ယူ” ဆိုပြီး… ပြန်ပေးရင် ပြဿနာ မရှိဘူး။ အဲလို မဟုတ်ဘဲ… “မှားတယ်။ ကျုပ်က စားပစ်မှာဗျ” ဆိုရင် သေပြီ။ အပြုသဘောစိတ်ထားဟာ လောကကြီးမှာ လူကောင်းတွေပဲ ရှိနေရင် ပြဿနာမရှိပါဘူးလေ။ ဒါဆို ဘယ်လို ပြောသင့်သလဲ…။
Negative Thinking ဆိုတဲ့ အဆိုးဘက်ကနေ တွေးပြီး ပြောရမှာပါ။ အထက်ကလို အကောင်းမြင်စိတ်နဲ့ ပြောရင် ယုတ္တိဗေဒအရ ပြဿနာ မတက်ပါဘူး။ မှန်ရင် ပြန်ရမယ်။ မှားရင် စားခံရမယ်။ လောက သဘာဝလေ။ ဒီမှာတော့ ပြောသင့်တာက… “မိကျောင်းမင်းဟာ ကျွန်မကလေးကို စားပစ်မှာပါ (သို့) ကျွန်မကလေးကို ပြန်မပေးပါဘူး” လို့ ဖြေရမှာပါ။ ဒီလိုဖြေရင် မိကျောင်းအတွက် ပြဿနာရှိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ “ပြောတာ မှန်ရင် ပြန်လွှတ်ပေးမယ်” လို့ သူက ဆိုထားတာကိုး…။ ဒီတော့… ကလေးကို စားလိုက်ရင် ကလေးအမေပြောတာ မှန်သွားတဲ့အတွက် ပြန်လွှတ်ပေးရမယ်။ အဲလို ပြန်လွှတ်လိုက်ရင်လည်း ကလေးအမေ ပြောတာမှားသွားတဲ့အတွက် စားရပြန်မယ်။ ဒီလိုနဲ့ လျှာရှည်တဲ့ မိကျောင်းဟာ Logical Paradox ဆိုတဲ့ ယုတ္တိဗေဒ ထောင်ချောက်ထဲ ပိတ်မိသွားပါတော့တယ်။
ဒီ Paradox ဖြစ်လာတာဟာ Double Negative ဆိုတဲ့ အနှုတ်နှစ်ခု ထပ်ပြီး အပေါင်းဖြစ်တာ (ဝါ) အမှားနှစ်ခါထပ်မိတဲ့ အခြေအနေမျိုးကြောင့် ဖြစ်တည်လာတာပါ။ (အမှားနှစ်ခါလုပ်ရင် အမှန်ဖြစ်တယ် လို့ ဆိုလိုခြင်းမဟုတ်ပါ။) အရှင်းဆုံး ဆိုရရင်… “ကိုယ်က မှားမယ်လို့ ထင်ထားတဲ့ အချက်က မှားသွားတဲ့အခါ… ကိုယ်ထင်တာ မှန်သွားတယ်” ဆိုတာမျိုးပါ။ မှားမယ်ထင်တာ မှားတော့ ကိုယ့်အထင်မှန်တာပေါ့။ အဲလိုပေါ့ဗျာ။ နောက်ထပ် နမူနာတစ်ခု ပြောရရင်…
တခါက… ကောင်ကလေးတစ်ယောက်ဟာ စိတ်ထင်ရာလျှောက်အော်နေတယ်။ သူ့အဖေကြားတော့… “တိတ်စမ်း… မဟုတ်တာတွေ ထပ်ပြောရင် မင်းကိုရိုက်ရလိမ့်မယ်” လို့ ဆူသတဲ့။ အဲဒီအခါ ကောင်လေးက… “ဖေဖေကြီး ရိုက်တော့မယ်… ရိုက်တော့မယ်” လို့ အော်သတဲ့။
အဖေက… “တိတ်စမ်း… မဟုတ်တာတွေ မပြောနဲ့” ဆိုပြီး ဒေါသတကြီးနဲ့ ရိုက်ဖို့ လက်ကိုရွယ်လိုက်တယ်။ ကောင်းကလေးက… “တွေ့လား… ဟုတ်တယ်… ကျွန်တော်ပြောတာ ဟုတ်တော့မယ်” ဆိုပြီး ပြန်အော်တော့မှ အဖေက ကြောင်သွားတယ်။ ကလေးကို ရိုက်လိုက်ရင် ကလေးပြောတာ ဟုတ်သွားမယ်လေ။ မဟုတ်တာပြောမှ ရိုက်မယ်လို့ သူပဲပြောခဲ့တာလေ။ ကလေးက Crocodile Paradox ကို သိလို့ မဟုတ်ပါဘူး။ စိတ်ထဲရှိရာ ပြောတာမှာ အဖေအတွက် ခေါင်းခြောက်စရာ ဖြစ်သွားတာပေါ့။
ဒါပါပဲ။ Paradox ဆိုတာ… ရှင်းတာကို ရှုပ်အောင်လုပ်တာပါ။ အဲဒီလို ရှုပ်တာကို ရှင်းအောင်မြင်နိုင်မှ Paradox ရဲ့ သဘောကို နားလည်ပါလိမ့်မယ်။ ခုရှုပ်မှ နောင်ရှင်းဆိုတာ Paradox တွေလေ့လာရင် ခေါင်းထဲထည့်ထားသင့်တဲ့ အချက်ပါ။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
0 Comments