ဖဲဗေဒင်အကြောင်း သိကောင်းစရာ ဆိုပြီး ပြောလာတာ အပိုင်း (၆) အထိ ရှိပါပြီ။ မဖတ်ရသေးရင်တော့ ရှာဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။ ကျွန်တော့်ရဲ့ သင်ခန်းစာတွေကို အပိုင်း (၁) ကနေ တစ်ခုချင်းစီ အသေးစိတ် လေ့လာမှတ်သားလာမယ်ဆိုရင်တော့ ခု အပိုင်းမှာ အခက်အခဲရှိမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။

ဖဲဗေဒင်ကို လေ့လာဟောကြားမယ့်သူတွေကို အကြံပြုချင်တာတစ်ခုက လေးလေးနက်နက်နဲ့ ယုံယုံကြည်ကြည် ဟောကြားဖို့ပါပဲ။ ဖဲဗေဒင်ဟာ တခြားသော ဗေဒင်နည်းစနစ်တွေလို လေ့လာသင်ယူရတာ သိပ်ခက်ခဲမှုမရှိတာကြောင့် ဟောကြားတဲ့ နေရာမှာ မှန်ကန်ပါ့မလား၊ ထိရောက်ပါ့မလားလို့ သံသယဝင်နေမယ်ဆိုရင် သင့်ရဲ့ ဟောကိန်းတွေက ထင်သလောက် ပေါက်မြောက်မှု မရှိဘဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဦးနှောက်နဲ့ လေ့လာပြီး နှလုံးသားနဲ့ သင်ယူပါလို့ အကြံပြုချင်ပါတယ်။


ဥပမာ (၃) A ♥️ | 8 ♦️ | 6 ♠️

ပထမအဆင့် ဥပဒေသနဲ့ ချိန်ကိုက်ကြည့်မယ်ဆိုရင် နီနီနက် (🔴 🔴 ⚫️) ဖြစ်တာကြောင့် အနာဂတ်မှာ ပြဿနာ ဖြစ်လာနိုင်စရာ ရှိပါတယ်။

ဒုတိယအဆင့် ဥပဒေသနဲ့ တိုက်ဆိုင် ကြည့်မယ်ဆိုရင် အသဲ၊ ဒိုင်းမွန်း၊ စပိတ် ဖြစ်တာကြောင့် နောက်ဆုံးမှာ ပြဿနာနဲ့ ကြုံတွေ့ရမှာကို ပြဆိုပါတယ်။ ဘယ်လို ပြဿနာလဲ ဆိုတော့ ဒိုင်းမွန်းကတ်က သူ့ရှေ့မှာ ရှိလေတာကြောင့် ငွေကြေးနဲ့ ပတ်သက်တဲ့ သဘောကို ပြဆိုပါတယ်။ အသဲပုံက ရှေ့ဆုံးကနေ လာလေတာကြောင့် လောလောဆယ် အစပိုင်းမှာတော့ ပျော်ရွှင်တဲ့နေရာမှာ ရောက်နေတာကို ပြဆိုပါတယ်။ ဒီတော့ ဒုတိယအဆင့်အတွက် ဖြစ်နို်ငခြေရှိတဲ့ ကောက်ချက်ကို ချရမယ်ဆိုရင် ငွေကြေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ပါဝင်ပတ်သက်ရပါမယ်။

အရင်ရေးခဲ့တဲ့ သိကောင်းစရာ အပိုင်း (၃)ထဲမှာ ပြောပြခဲ့ဖူးတဲ့ ဥပမာ ဖြစ်တဲ့… ♦️ ♠️ ♥️ (ငွေကြေးပြဿနာ အလွယ်တကူ ပြေလည်ခြင်း) ဆိုတာကို ခု သုံးချပ်တွဲ ♥️ ♦️ ♠️ နှိုင်းယှဉ်ကြည့်ရင် ကွဲပြားမှုကို တွေ့မြင်ရမှာပါ။ နောက်ထပ် သိသင့်တာ တစ်ခုက ညှင်းသင်္ကေတ မပါဝင်တာပါပဲ။ ဒါကြောင့် ဗေဒင်မေးသူဟာ ပြဿနာတွေ ပြေလည်ဖို့အတွက် လောလောဆယ်မှာ ဘာမှ စီမံ၊ ပြင်ဆင်ထားခြင်း မရှိဘူး ဆိုတာကို သိနိုင်ပါတယ်။

Ace (အစပျိုးခြင်း) + ♥️ (ချစ်ခြင်း၊ မိတ်ဆွေ၊ မိသားစု)

အချစ်ရေး အစပျိုးခြင်း၊ မိတ်ဆွေသစ် ရခြင်း၊ ကလေးမွေးဖွားခြင်း (ရှေးထုံးအဟောကတော့ မိသားစု၊ မိသားစုဝင်တွေနဲ့ ပတ်သက်ခြင်း)

8 (အကြံစည်၊ စိတ်ကူး) + ♦️ (ငွေကြေး၊ စည်းစိမ်)

ငွေကြေးအကြောင်း စဉ်းစားခြင်း၊ ငွေကြေးနှင့် ပတ်သက်သော စီမံကိန်း၊ ဝင်ငွေထွက်ငွေ မျှတရန် စီစဉ်ခြင်း၊ အချိန်ကို တန်ဖိုးထားခြင်း (အဘယ်ကြောင့်ဆိုသော် Time is Money ဖြစ်သောကြောင့်)

6 (လမ်းကြောင်း) + ♠️ (ပြဿနာ)

လမ်းမှားကို ဦးတည်နေခြင်း၊ ရွေးခြယ်မှုမှားခြင်း၊ မှားနေသူများနဲ့ လိုက်ပါသွားမိခြင်း၊ ခရီးသွားရင်း အခက်အခဲတွေ့ခြင်း၊ မသွားသင့်သော ခရီးလမ်း၊ ဖွတ်မရ ဓါးမဆုံး ခရီးမျိုး သွားရခြင်း၊ စွန့်ပစ်ခံရခြင်း၊ ရှောင်ခွာခြင်း

ဒီသုံးချပ်တွဲကိုတော့ ခပ်မြန်မြန်ပဲ ကောက်ချက်ပြုနိုင်တာက ဗေဒင်မေးသူ အဖို့ မိသားစု၊ အိမ်ကိစ္စ စတာတွေနဲ့ ပတ်သက်ပြီး အခြေအနေသစ်တွေ ရောက်လာမှာကို ပြဆိုတာပါ။ အိမ်သစ်ပြောင်းရခြင်း၊ လက်ရှိအိမ်ကို တိုးချဲ့ရခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကလေးတစ်ယောက် ထပ်မွေးဖွားခြင်းလည်း ဖြစ်နိုင်ပါတယ်။

အခြားတစ်ဘက်မှာ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး သိပ်အကောင်းကြီး မမြင်ပါဘူး။ ဗေဒင်မေးသူ (သို့) သူရဲ့ မိသားစုဝင်တွေက သူမရဲ့ အကြံအစည်တွေ အကောင်အထည်ဖော်ဖို့ ငွေကြေးကို စည်းကမ်းရှိရှိ ချွေတာပြီး စီစဉ်သုံးစွဲသင့်တာကိုလည်း ပြဆိုပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ ငွေကြေးနဲ့ ပတ်သက်ပြီး ရေရှည်အတွက်ကိုပါ စီမံရမယ်ဆိုတာကို ပြဆိုနေပါတယ်။

တစ်ခါတရံမှာ မတူကွဲပြားတဲ့ ကောက်ယူပုံတွေကိုလည်း ထုတ်ရပါတယ်။ ဒီဖြန့်ခင်းမှုက သုံးချပ်တွဲလုံးကို လေ့လာကြည့်ရင် အထက်ကနဲ့ မတူတာမျိုးတွေကို ကောက်ချက်ပြုနိုင်ပါတယ်။ နမူနာတွေကို ကြည့်မယ်ဆိုရင်…

  • မိသားစုဝင်၊ ဒါမှမဟုတ် အတော်ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက် (A♥️)ဟာ ငွေကြေးအခက်အခဲ ရင်ဆိုင်နေရပြီး ချွေတာသုံးစွဲရမှာကိုလည်း ပြဆိုပါတယ်။ 6♠️ (လမ်းမှားရောက်နေခြင်း) ပြဿနာကို ကြွေးယူပြီး လွဲမှားစွာ ဖြေရှင်းနေခြင်းမျိုးကိုလည်း ပြဆိုပါတယ်။
  • အိမ်ပြင်ဆင်ဖို့ ကိစ္စမှာ ငွေကြေးနှောင့်နှေးနေခြင်း
  • အိမ်သာ၊ ရေချိုးခန်း စသည် ပြင်ဆင်ရခြင်း။ ဘာလို့ ဒီလို ကောက်ယူသလဲ ဆိုရင်ဖြင့် နံပါတ် ၆ ဟာ လမ်းကြောင်းနဲ့ သက်ဆိုင်တဲ့အတွက် 6♠️ ကတ်က အိမ်မှာရှိတဲ့ ရေပိုက်တွေ ဘာတွေနဲ့ သက်ဆိုင်တာမျိုး ကြောင့်ပါ။
  • တကယ်လို့ ဗေဒင်မေးတဲ့သူဟာ အသက်ငယ်ရွယ်ပြီး အိမ်ထောင်မကျသေးတဲ့ အမျိုးသားဆိုရင် သူ့ဆီကို အစပျိုးရောက်လာတဲ့ ချစ်ခြင်းကိစ္စတွေကို လစ်လျူရှုပြီး ငွေကြေး ရှာဖွေမှုကိုသာ ပိုအာရုံစိုက်နေတာကို ပြဆိုပါတယ်။

အောက်မှာ နောက်ထပ် သုံးချပ်တွဲ နမူနာတွေကို လေ့လာကြည့်ပါဦးမယ်။ နမူနာတွေကို အသေးစိတ် မပြောပြတော့ဘဲ ခြုံငုံပြီးတော့သာ အဓိပ္ပာယ် ဖွင့်ဆိုပြထားပါတယ်။ ရှေ့မှာ ပြောပြခဲ့ပြီးဖြစ်တဲ့ ဥပဒေသတွေနဲ့ အဆင့်သုံးဆင့်ကို တစ်ဆင့်ခြင်း လေ့လာ ကောက်ယူသွားရင် ခြုံငုံယူထားတဲ့ အဓိပ္ပာယ်တွေကို နားလည်သဘောပေါက်မှာ ဖြစ်ပါတယ်။ မခဲယဉ်းပါဘူး။ လေ့လာကြည့်ရအောင်။

6 ♦️ | Q ♠️ | 5 ♥️ : ကွာရှင်းပြတ်စဲထားသော အမျိုးသမီးဟာ ငွေကြေးနဲ့ ပတ်သက်တဲ့ တိုးတက်မှုတွေပေါ်မှာပဲ အဓိက အာရုံစိုက်နေပါတယ်။ ဒါပေမယ့် သူမဟာ ပင်ပန်းနုံးချိမှုတွေ ခံစားနေရပြီး စိတ်ပြေလက်ပျောက် ခရီးထွက်ဖို့ လိုအပ်နေပါတယ်။ သူမဟာ သူမရဲ့ ရုပ်ခန္ဓာကို ကိုယ့်ဘာသာ အပူတွေ အလွန်အမင်း လောင်နေစေပါတယ်။

2 ♣️ | 7 ♠️ | A ♣️ : အပေါင်းအဖော်ထားခြင်းက စိတ်ပူရခြင်းရဲ့ အရင်းခံ အကြောင်းဖြစ်ပြီး နှစ်ဦးနှစ်ဘက် တူညီတဲ့ ရည်မှန်းချက် ပန်းတိုင် ထားရှိမှသာ အခြေအနေသစ်တွေ အစပျိုးလာမှာ ဖြစ်ပါတယ်။

3 ♦️ | 2 ♠️ | 9 ♠️ : ငွေကြေး၊ စည်းစိမ်တိုးတက်လာခြင်းက သင့်ဘဝအတွက် သင်တကယ်လိုအပ်နေတဲ့ အရာကနေ ဝေးကွာသွားအောင် ဖန်တီးပါလိမ့်မယ်။ ဒါကြောင့် အဓိကနဲ့ သာမညခွဲမြင်တတ်ဖို့ လိုပါတယ်။

7 ♠️ | K ♥️ | 7 ♥️ : ဗေဒင်မေးသူရဲ့ ညစ်နေတဲ့ စိတ်အစဉ်ဟာ သူမြတ်နီုးချစ်ခင်ရတဲ့ လူဆီက စာတစ်စောင် ရတဲ့အခါမှာ သက်သာငြိမ်းအေးသွားပါလိမ့်မယ်။

K ♦️ | 3 ♦️| 5 ♠️ : ငွေကြေးချမ်းသာသူဟာ ကျန်းမာခြင်း လာဘ်ဆိုတာကို သူ့ရဲ့ ပိုင်ဆိုင်မှုတွေထက် ပိုပြီး တန်ဖိုးထားဖို့ လိုအပ်ပါတယ်။

8 ♠️ | 5 ♣️ | 4 ♥️ : ဗေဒင်မေးသူရဲ့ ဖြတ်လတ်တဲ့ စိတ်တွေဟာ အကောင်းထက် အဆိုးဘက်ကိုပဲ အာရုံစိုက်နေတာကို ပြဆိုပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေဟာ သူ့ရဲ့ စိတ်တွေ ပုံမှန် ပြန်ဖြစ်နိုင်ဖို့ အကူညီပေးပါလိမ့်မယ်။

8 ♣️ | A ♣️ | A ♦️ : ဗေဒင်မေးသူဟာ အလုပ်မှာ ရာထူးနဲ့ လစာတိုးဖို့ ရှိပါမယ်။ တာဝန်အသစ်တွေက ငွေကြေးအသစ်တွေကို ဆောင်ယူလာပါလိမ့်မယ်။

5 ♦️ | 9 ♦️ | 8 ♦️ : ဗေဒင်မေးသူမှာ ငွေဖြုန်းတီးဖို့ရှိပါမယ်။ အဝတ်အစား၊ အိမ်ထောင် ပရိဘောဂ စတာတွေအတွက် စျေးဝယ်ထွက်ရတာမျိုး ဖြစ်နိုင်ပါတယ်။ ဗေဒင်မေးသူဟာ အလှဆင်ဖို့အတွက် ပိုက်ဆံကုန်မှာကိုလည်း မနှမြောပါဘူး။

9 ♥️ | 10 ♦️ | 4 ♦️ : ဗေဒင်မေးသူ ဖြစ်ချင်နေတဲ့ ငွေကြေးလွတ်မြောက်မှုမျိုးရမှာဖြစ်ပြီး ဘဏ်ငွေစာရင်းလည်း ပြည့်စုံ ဖြစ်တည်လာမှာဖြစ်တယ်။

10 ♥️ | 7 ♥️ | K ♥️ : ဗေဒင်မေးသူအတွက် မိသားစုဘဝဟာ ကျေနပ်သာယာမှု အတိပါပဲ။ သူဟာ စိတ်လုံခြုံ ပျော်ရွှင်မှုရှိသူလည်း ဖြစ်ပြီး၊ တခြား ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကလည်း အလိုလို အေးဆေးစွာပဲ ပြေလည်သွားမှာ ဖြစ်ပါတယ်။

J ♠️ | 2 ♣️ | 8 ♦️: လူငယ်တစ်ယောက်ဟာ ငွေကြေး အထောက်အပံ့လိုနေတာကို ပြဆိုပြီး၊ သူဟာ ငွေးချေးတစ်ခုခု လုပ်ကောင်းလုပ်ပါလိမ့်မယ်။

A ♥️ | 4 ♦️ | 3 ♦️: ဒီသုံးချပ်တွဲက ဗေဒင်မေးသူရဲ့ မိသားစု၊ အိမ်ထောင်ရေး တန်ဖိုးဟာ အချိန်နဲ့အမျှ လေးနက် တန်ဖိုးရှိလာတာကို ပြဆိုပါတယ်။


ဒီတစ်ခေါက်တော့ ဒီလောက်ပါပဲ။ နောက်လာမယ့် နောက်ဆုံး အပိုင်းမှာ ၉ ချပ်တွဲနမူနာကို ရှင်းပြမှာ ဖြစ်တာကြောင့် အခုထိ ပြောပြသွားပြီးဖြစ်တဲ့ ၃ ချပ်တွဲ ဥပမာတွေ၊ လေ့ကျင့်ခန်းတွေကို သဘောပေါက် ကြေညက်အောင် လေ့လာမှတ်သားထားပါလို့ အကြံပြုချင်ပါတယ်။

အဆင်ပြေမည်ဟု မျှော်လင့်ယုံကြည်လျက်
အုပ်စိုး (MMTL)


Oak Soe

Oak Soe is passionate about exercising the fortune telling, wizardry art, mythology, occultism, traditional beliefs etc. In addition, he has been practicing the hypnotism, mentalism, and fortune telling as his hobby. He is the author of several articles and books on Burmese magic squares. His recent prominent books are အလင်းပြသင်္ချာ အင်းစမပညာကျမ်း and ကြည့်ရှင်းမြင်သာ ယိကျင်းပညာ. Make a connection with him to get good vibes in your daily life.

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *