{နိဒါန်း}
ပုံပြင်တို့၏ ထုံးစံအတိုင်း ဟိုးရှေးရှေးတုန်းကပေါ့ကွယ်…။
ရွဲကုန်သည် နှစ်ဦး ရှိလေသတဲ့။ ယနေ့အခေါ်ဆေးလ်မန်း (Sales Men) တွေပေါ့။ တစ်ဦးကတော့ မတော် လောဘကြီးစွာနဲ့ ကောက်ကျစ်လှည့်ဖြားပြီး အသက်မွေးသူဖြစ်ပါတယ်။ ပရိသတ် အမြင်ကပ်တဲ့ ဗီလိန်ပေါ့ဗျာ။ သူ့ကိုတော့ (ကုန်သည် – ၁) လို့ပဲ မှတ်ယူကြပါစို့။
နောက်တစ်ဦးကတော့ စာဖတ်သူ ပရိတ်သတ် သဘောကျတဲ့ ရိုးသားဖြောင့်မတ်စွာ အသက်မွေးတဲ့ ရွဲကုန်သည်ပေါ့။ သူ့ကိုတော့ (ကုန်သည် -၂) လို့ သတ်မှတ်လိုက်ကြရအောင်။
{စာကိုယ် – ၁}
တစ်နေ့မှာတော့ လောဘနဲ့ အသက်မွေးတဲ့ ရွဲကုန်သည်ဟာ ရွာတစ်ရွာကို ရောက်လာပါတယ်။ အိမ်တစ်အိမ်ရှေ့ကို ဖြတ်တော့ အမယ်အိုကြီးတစ်ယောက်နဲ့ သူမရဲ့ မြေးမလေးတို့က သူ့ကို စိတ်ဝင်တစားနဲ့ လှမ်းခေါ်လိုက်တာ တွေ့ရပါတယ်။
ကုန်သည် – ၁။ ။ ဘာလိုချင်သလဲဗျ
အမယ်အို။ ။ ဒီလိုပါလေ… လူကလေးရဲ့ ကုန်တွေထဲက ရွဲပုတီးနဲ့ လည်ဆွဲလေးကို အဘွားရဲ့ မြေးမလေးက လိုချင်လို့ပါ။
ကုန်သည် – ၁။ ။ အဲဒါနှစ်ခု ဝမ်းဆက်ဆိုရင် ၁၅ ဒေါ်လာ ကျတယ်… ခင်ဗျားတို့ ဝယ်နိုင်မှာမို့လို့လား
အမယ်အို။ ။ ၁၅ ဒေါ်လာတောင်၊ ဟုတ်လား၊ မများလွန်းဘူးလား လူကလေးရယ်၊ အဘွားတို့မှာက လူလေးကို ပေးဖို့ မန်းနီးကလည်း လက်ထဲမှာ အဆင်သင့်မရှိ…
ကုန်သည် – ၁။ ။ ဘာ၊ နိုး မန်းနီး ဟုတ်လား…။ ဒါဆို ဆိုး ဆောရီးပဲဗျာ။
အမယ်အို။ ။ ဟို… ဟို… အဲ… အဲလိုတော့ မလုပ်ပါနဲ့ လူကလေးရယ်၊ အဘွားက အလကားတော့ မယူပါဘူး။ အဘွားမှာ ရှိတဲ့ ဒီခွက်ကလေးနဲ့ လဲပါ့မယ် လူကလေးရယ်။
အမယ်အိုကြီးက အခန်းထောင့်မှာ ချထားတဲ့ အညစ်အကြေးအထပ်ထပ်နဲ့ ခွက်တစ်ခုကို ထုတ်ပြတယ်။
ကုန်သည် – ၁။ ။ ဘာ၊ ခင်ဗျားတို့ရဲ့ ဒီခွက်အမဲကြီးနဲ့ ကျုပ်က လဲရမှာလားဗျ၊ တော်စမ်းပါဗျာ။
အမယ်အို။ ။ အဲလိုလည်း မမှတ်ပါနဲ့ လူကလေးရယ်။ အဘွားရဲ့ ခွက်ကို လူလေး စိတ်ဝင်စားမှာပါ။ ပြီးတော့ အဘွားရဲ့ မြေးလေးကိုလည်း သနားပါကွယ်…။
အမယ်အိုကြီးက ပြောလည်းပြော… ခွက်ကိုလည်း ကုန်သည်ရဲ့ လက်ထဲ အတင်းထိုးထည့်တော့ ကုန်သည်လည်း မကြည့်ချင်ကြည့်ချင်နဲ့ ခွက်ကို ကြည့်လိုက်ရတယ်။
အဲဒီမှာပဲ သူ့လက်သည်းခွံနဲ့ ခြစ်မိလို့ အစင်းရာဖြစ်သွားတဲ့ နေရာက ရွှေရောင်လက်နေတာကို သူမြင်လိုက်တယ်။ သူ့အတွေးမှာလည်း ချက်ချင်းပဲ လောဘစိတ်တွေ ရောက်လာတော့တယ်။
ကုန်သည် – ၁။ ။ ဒီမှာ။ ခင်ဗျားတို့ ရဲ့ ခွက်အညစ်အပတ် ဒါတ်တီးကပ် (Dirty Cup) ကြီးနဲ့ ကျုပ်ရဲ့ အမျိုးမှန် အဖိုးတန် ရွဲတွေနဲ့ လဲစရာလားဗျာ။ တော်စမ်းပါ။
အမယ်အို။ ။ အဲ… အဲလို မလုပ်ပါနဲ့ကွယ်၊ အဘွားရဲ့ ခွက်ကို လူလေး စိတ်မဝင်စားဘူးလား…
ကုန်သည် – ၁။ ။ တော်၊ တော်… ခင်ဗျားတို့နှယ် ရာရာစစ… အနူလက်နဲ့ ရွှေခွက်… အဲ… ချီးခွက်ကြီးလိုဟာကို ကျုပ်က ဘာလုပ်ရမှာလဲဗျ။ တော်ဗျာ…
ဒေါင်…!!!
(ခွက်ကို ဆောင့်ပြီး ပစ်ချလိုက်သော အသံဟုမှတ်ပါ)
လောဘသမား ရွဲကုန်သည်က ခွက်ကို စိတ်မဝင်စားဟန် ပြုပြီး ထိုအိမ်ရှေ့ကနေ ထွက်သွားတော့တယ်။
{စာကိုယ် – ၂}
သိပ်မကြာခင်မှာပဲ အဲဒီအိမ်ရှေ့ကို နောက်ထပ်ရွဲကုန်သည် တစ်ယောက် ရောက်လာတယ်။ သူကတော့ ပရိသတ်တို့ရဲ့ ဟီးရိုးဖြစ်တဲ့ ရိုးဖြောင့်သူ ရွဲကုန်သည်ပေါ့။
ကုန်သည် – ၂။ ။ အဘွား… ဘာလိုချင်လို့လဲ
အမယ်အို။ ။ အဘွားရဲ့ မြေးလေးက လူလေးရဲ့ ရွဲပုတီးနဲ့ လည်ဆွဲလေးတွေကို သဘောကျလို့ပါ။
ကုန်သည် – ၂။ ။ ဟုတ်လား အဘွား၊ ကျွန်တော် ပြပါမယ်။
အမယ်အို။ ။ ဒါပေမယ့် လူလေးရယ် အဘွားတို့ကဆင်းရဲလေတော့လေ… လူလေးကို ပေးစရာ မန်းနီးတော့ မရှိဘူး။ ပိုင်ဆိုင်တာဆိုလို့ ဒီခွက်လေး တစ်ခွက်ပဲ ရှိပါတယ်။
အမယ်အိုကြီးကပြောပြီး ခွက်ကို ကုန်သည်ရဲ့ လက်ထဲကို ကမ်းပေးလိုက်တယ်။ ကုန်သည်ကလည်း သူ့လက်သည်းနဲ့ ခြစ်မိသွားပြန်တော့ ရွှေရောင်ဝင်းနေတာကို သူတွေ့လိုက်တယ်။ ဒါကြောင့် ခွက်ရဲ့ ဟိုနားဒီနားတွေကို သူလျှောက်ခြစ်ကြည့်တယ်။
ကုန်သည် – ၂။ ။ အဘွား… အဘွားဟာက ရွှေခွက်ဗျ…
အမယ်အို။ ။ အို… ရွှေခွက် ဟုတ်လား၊ လူလေးရယ်၊ စောစောက ကုန်သည်တစ်ယောက်က ဒီခွက်ဟာဖြင့် ချီးခွက်ဆိုလား ဒါတ်တီးကပ်ဆိုလား ပြောသွားတယ်
ကုန်သည် – ၂။ ။ အာ… အဲလူ သက်သက်မဲ့ အဘွားတို့ခွက်ကို စျေးနှိမ်ပြီး လိုချင်လို့ လုပ်တာ… အဘွားတို့ရဲ့ ရွှေခွက်နဲ့ တန်သလောက် ရွဲတွေ ကျွန်တော် ပေးလိုက်ပါမယ်။
အမယ်အို။ ။ ကျေးဇူးတင်လိုက်တာ လူလေးရယ်၊ အဘွားမြေးလေးက လိုချင်လွန်းလို့ အဘွားခမျာ စိတ်ညစ်နေရတာ။ လူလေးလို သူတော်ကောင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်။ ဒီခွက်ဟာ ငါ့မြေးနဲ့ ထိုက်လို့ ရတယ်မှတ်ပါ။
ကုန်သည် – ၂။ ။ အဲလိုလည်း မဟုတ်ပါဘူး အဘွားရယ်၊ ထိုက်တန်သလောက် ကျွန်တော်လဲပေးပါ့မယ်။
{နိဂုံး – ၁}
ဒီလိုနဲ့ ရိုးဖြောင့်တဲ့ ကုန်သည်ခမျာ အမယ်အိုကြီးနဲ့ မြေးမလေးကို ပါသမျှအားလုံးနီးပါး ပေးပြီး ခရီးဆက်လာခဲ့တော့တယ်။ သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ အဲဒီအိမ်ရှေ့ကို လောဘသမား ရွဲကုန်သည်က ပြန်ရောက်လာတယ်။
ကုန်သည် – ၁ ။ ။ ဗျို့ အဘွားကြီး၊ ခင်ဗျားမြေးကို သနားလို့ ကျုပ်ပြန်လာတာ၊ စောစောက ခွက်ပြန်ယူခဲ့ဗျာ
ကုန်သည်ရဲ့ အသံပြဲကြီးကို ကြားတော့ အမယ်အိုကြီးလည်း ထိတ်ထိတ်ပြာပြာနဲ့ ထွက်လာတယ်။
အမယ်အို။ ။ အော်… ဘယ်သူမှတ်တယ်၊ လူလေးကိုး… ဒီမယ်၊ မင်းက ငါတို့ကို တစ်ပတ်ရိုက်ချင်ပေမယ့် စိတ်ကောင်းရှိတဲ့ ကုန်သည်လေးက ငါတို့ခွက်ကို တန်ဖိုးရှိမှန်းသိတာကြောင့် တန်ရာတန်ကြေးပေးပြီး ဝယ်သွားချေပြီ… မင့်ရွဲတွေ ငါတို့ စိတ်မဝင်စားတော့ဘူး…။
အဲဒီမှာတင် ကောက်ကျစ်တဲ့ ကုန်သည် ဗီလိန်ခမျာ သွေးရူးသွေးတန်းနဲ့ ဂယောင်ချောက်ခြား၊ အရူးတစ်ပိုင်းဖြစ်သွားတော့တယ်။ ပြီးတော့ ရွှေမန်းတင်မောင်ရဲ့ ပြဇာတ်ထဲက လေသံနဲ့ သူဟစ်လိုက်ပါတော့တယ်။
မပေး၊ ပေးပေး၊ ပေး ပေး၊ ငါ့ရွှေခွက်ပေး… မပေး၊ ပေးပေး၊ ငါ့ရွှေခွက်ပေး…
{နိဂုံး – ၂}
ရွှေခွက်ကိုရလာတဲ့ ရိုးဖြောင့်တဲ့ ရွဲကုန်သည်ဟာ… နောက်ထပ် ရွာတစ်ရွာရောက်တဲ့အခါ ပန်းထိမ်ဆိုင် တစ်ခုတွေ့တယ်။ ဒါနဲ့ပဲ သူ့ရွှေခွက်ကို သွားပြတယ်။ ခွက်ကို သေချာကြည့်ပြီးတော့ ဆိုင်ရှင်ကပြောတယ်။
ဆိုင်ရှင်။ ။ ခင်ဗျားဟာ ချီးခွက်ကြီးပဲဗျ…
ကုန်သည် – ၂။ ။ ဗျာ… ဒါကို ချီးခွက် ထင်နေလား၊ ရွှေခွက်ဗျ၊ ရွှေခွက်…!!!
ဆိုင်ရှင်။ ။ ဒီမယ် မောင်ရင်၊ ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ ဆိုတာ သိဘူးလား၊ မောင်ရင်ဟာ ဘစ်စနတ်မန်း (Business man) လုပ်ပြီး အတော်ညံ့တာပဲ။ မောင်ရင့်ကို ဒီခွက်ပေးတဲ့လူက ဂျင်းထည့်သွားပြီ။
ကုန်သည် – ၂။ ။ ဗျာ… ဟုတ်လို့လားဗျာ
ဆိုင်ရှင်။ ။ ဟုတ်တာပေါ့၊ မောင်ရင် အလိမ်ခံလာရတာ… ဒီခွက်က ဘာခွက်မှ ဟုတ်ဘူးဗျ…
ဆိုင်ရှင်ရဲ့ စကားအဆုံးမှာပဲ ပရိသတ်တို့ရဲ့ အသဲကျော် ကုန်သည်လေးလည်း သွက်သွက်ခါအောင် ရူးသွားပါတော့တယ်။
မပေး၊ ပေးပေး၊ ပေး ပေး၊ ငါ့ရွှေခွက်ပေး… မပေး၊ ပေးပေး၊ ငါ့ရွှေခွက်ပေး… မပေး ပေး…။
{ပုံပြင်မှပေးသော သင်ခန်းစာ}
ရိုးသားခြင်းဟာ အကောင်းဆုံးမူဝါဒ ဆိုသော်လည်း… စေတနာသည် လူတိုင်းနှင့် မတန်ကြောင်း သတိပြုသင့်လှသည်။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
0 Comments