ဟိုးတိုတိုတုန်းကပါ…

တောအုပ်ကြီးတစ်ခုမှာ ဉာဏ်ပညာကြီးပြီး အင်မတန်မှ စိတ်ထားကောင်းတဲ့ ဖိုးရွှေယုန်ဆိုတာ နေပါတယ်။ အဲဒီဖိုးရွှေယုန်ဟာ အသားဖြူစင်သလို စိတ်ထားကလည်း ဖြူစင်တာကြောင့် သူ့ကို မြင်တဲ့ တိရစ္ဆာန်တိုင်းက ချစ်ကြ၊ လေးစားကြပါတယ်။

ဖိုးရွှေယုန်ဟာ မနက်မနက်ဆို ကျန်းမာရေးအတွက် အမြဲတမ်းပဲ အပြေးလေ့ကျင့်လေ့ရှိတယ်။ ညနေခင်းဆိုလည်း လေ့ကျင့်ခန်းတွေ လုပ်နေလေ့ရှိတယ်။ အဲဒီလို အမြဲတမ်းနေထိုင်တာကြောင့် သူဟာ သွက်လက်ဖျတ်လတ်နေပြီး အရာရာကို ပေါ့ပေါ့ပါးပါးနဲ့ စိတ်ရွှင်လန်းစွာ လုပ်သွားနိုင်တဲ့သူ ဖြစ်ပါတယ်။ ဉာဏ်အမျှော်အမြင်လည်း ကြီးပြီးတော့ အခက်အခဲရှိတဲ့သူတွေကို သူက ကူညီလေ့ရှိပြန်တယ်။ ဒါကြောင့် တောတိရစ္ဆာန်တွေက သူ့ကို လေးစားချစ်ခင်ကြတယ်။

အဲဒီလို စိတ်ကောင်းရှိတဲ့ ဖိုးရွှေယုန်ကို တောတိရစ္ဆာန်တွေ ဝိုင်းပြီး ချစ်ခင်နေတာကို မနာလို ဖြစ်နေတဲ့သူ တစ်ယောက်ရှိတယ်။ သူကတော့ လိပ် ငစဉ်းလဲပါ။ အဲဒီလိပ်ဟာ အတ္တကြီးလို့ အပျင်းထူတဲ့အပြင် သူတပါးအပေါ်မှာလည်း မနာလိုစိတ်၊ မကောင်းကြံလိုစိတ် ကြီးမားတဲ့သူဖြစ်ပါတယ်။ သူက တစ်နေ့တစ်နေ့ အိပ်လိုက်၊ စားလိုက်နဲ့ ဖိုးရွှေယုန်ကို ဘယ်လို နည်းလမ်းနဲ့ အကောက်ကြံပြီး ဒုက္ခပေးရမယ် ဆိုတာကိုပဲ စဉ်းစားနေတတ်ပါတယ်။

တနေ့မှာ လိပ်ဟာ ဖိုးရွှေယုန်ကိုသွားတွေ့ပြီး အပြေးပြိုင်ချင်တယ်လို့ ပြောတယ်။ ရွှေယုန်က ဘာကြောင့်ပြိုင်ချင်ရတာလဲ မေးတော့ “မင်းနဲ့ငါ ဘယ်သူပိုတော်ကြောင်း သိချင်လို့” ဆိုပြီး လိပ်က ဖြေတယ်။ ရွှေယုန်က… “ကိုယ်စီမှာ မတူညီတဲ့ အရည်အချင်း တစ်ခုစီ ရှိတာကြောင့် ပြိုင်ဖို့ မလိုအပ်ဘူး၊ မပြိုင်ချင်ဘူး” လို့ လိပ်ကို ငြင်းပါတယ်။

တကယ်ဆိုရင် သာမန်အချိန်မှာတောင် ယုန်တွေဟာ လိပ်ထက် အပြေးမြန်ကြတဲ့ သတ္တဝါတွေ ဖြစ်တဲ့အပြင် ဖိုးရွှေယုန်က နေ့တိုင်း လေ့ကျင့်ခန်းလုပ်တဲ့သူဆိုတော့ ပုံမှန်ယုန်ထက် ပိုပြီးတော့တောင် ပြေးနိုင်တဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် မပြိုင်ချင်ဘူးလို့ ငြင်းပေမဲ့ အပျင်းထူပြီး အသွားနှေးတဲ့လိပ်က အဲဒီလို ငြင်းဆန်တာဟာ သူနှေးတာကို စော်ကားတာဖြစ်လို့ လက်မခံနိုင်ကြောင်း၊ တကယ်လို့ တန်းတူ သဘောထားရင် ပြိုင်သင့်ကြောင်း မာနတစ်ခွဲသားနဲ့ ပြောပြန်တယ်။ မျှတအောင်လည်း တောသတ္တဝါတွေ အားလုံးကိုလည်း ဖိတ်ခေါ်ပြီး အဆုံးအဖြတ်ပြုခိုင်းမှာ ဖြစ်ကြောင်းပြောပြန်တယ်။

ဒီလောက် အပျင်းထူ၊ လေ့ကျင့်ခန်းမလုပ်ဘဲ အသွားနှေးတဲ့လိပ်က သူ့ကို စိမ်ခေါ်ရဲတယ်ဆိုရင် တနည်းနည်းနဲ့ မလှိမ့်တပတ်လုပ်ပြီး ကောက်ကျစ်ယုတ်မာစွာ အနိုင်ပိုင်းသွားမယ်ဆိုတာ အင်မတန် ဉာဏ်ကြီးတဲ့ ရွှေယုန်က တွေးမိပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပြိုင်ဆိုင်နေတာဟာ အဓိပ္ပာယ် မရှိဘူး၊ လေးစားချစ်ခင်နေဖို့သာ အဓိကကျပါတယ်လို့ ယဉ်ယဉ်ကျေးကျေးပြောပြီး လိပ်ကို ထပ်ငြင်းပါတယ်။

ဒါပေမယ့် မကောင်းစိတ်တွေပြည့်နေတဲ့ လိပ်ငစဉ်းလဲက… “ဒီမှာငယုန်… သတ္တိရှိတယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်တယ်ဆိုရင် ပြိုင်ရဲရမှာပေါ့၊ အားငယ်နေတာလား သွေးကြောင်နေတာလား၊ သွေးပျက်နေတာလား” စတဲ့ စကားလုံးတွေနဲ့ ဖိုးရွှေယုန်ကို ရိုင်းစိုင်းစွာ ချိုးနှိမ်ပြောဆိုခဲ့ပါတယ်။

အဲဒီမှာ လိပ်ကို မယှဉ်ပြိုင်ရင်ဖြင့် ရွှေယုန်ဟာ သတ္တိမရှိတဲ့အပြင် အင်မတန်မှ နှေးကွေးပျင်းရိသူလို့ အပြောခံရမှာဖြစ်တယ်။ ပြီးတော့ ရွှေယုန်ဟာ လေ့ကျင့်ခန်းတွေ ဟန်ပြလုပ်နေသူသာ ဖြစ်ပြီး သူ့ကို ယှဉ်ပြေးဝံ့သူမဟုတ်ကြောင်း၊ လေကျယ်ပြီး သူရဲဘောကြောင်သူသာ ဖြစ်ကြောင်း လိပ်က တောထဲ နေရာအနှံ့မှာ လှည့်လည်ပြောဆိုပါတော့တယ်။

နောက်ဆုံး လိပ်ရဲ့ အခြေအမြစ်မရှိတဲ့ စကားတွေကို သည်းမခံနိုင်တော့တာကြောင့် ရွှေယုန်က ပြိုင်ဖို့ လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ အမျှော်အမြင်ရှိသူပီပီ… ပြိုင်ပွဲမှာ တနည်းနည်းနဲ့ လိပ်ငစဉ်းလဲက လူလည်ကျပြီး အနိုင်ယူမှာကိုလည်း ရွှေယုန်က တွေးမိပါသေးတယ်။

ဒီလိုနဲ့ ပြိုင်ပွဲကျင်းပတဲ့နေ့ကို ရောက်လာပါတော့တယ်။ တာစထွက်ဖို့ပြင်တာနဲ့ ရွှေယုန်ဟာ သတိနဲ့ ပြေးဖို့လုပ်ပါတယ်။ ဒိုင်လူကြီး ဖြစ်တဲ့ ဦးဇီးကွက်က အချက်ပြလိုက်တာနဲ့ ရွှေယုန်ဟာ လိပ်ကို အသာလေးပဲ နောက်ချန်ခဲ့ပါတယ်။ ဒါတောင် တဟုန်ထိုး ဆက်မပြေးဘဲ ဖြေးဖြေးမှန်မှန်နဲ့ ရှေ့က မြေပြင်ကို သတိထားကြည့်ပြီး ပြေးပါတယ်။ လိပ်ငစဉ်းလဲက ကောက်ကျစ်စွာနဲ့ စူးညောင့်တွေ ခလုတ်တွေ၊ ချိုင့်တွေ ကျင်းတွေ လုပ်ထားမှာ စိုးလို့ပါ။

အဲဒီလိုပြေးရင်း ဖိုးရွှေယုန်ဟာ ပြိုင်ပွဲအကွာအဝေးရဲ့ သုံးပုံ နှစ်ပုံခန့်ကို ရောက်လာပါတော့တယ်။ လိပ်ငမိုက်သားကတော့ နောက်ဘက် အများကြီးမှာ ပြတ်ကျန်ရစ်ခဲ့ပါတယ်။ ရွှေယုန်လည်း ပန်းတိုင်နဲ့ နီးလာတဲ့အပြင် လိပ်ကိုလည်း မျက်ခြေဖြတ်ခဲ့ပြီမို့ ပညာရှိပီပီ အမှားမခံဘဲ သတိကြီးစွာနဲ့ ဖြေးဖြေးမှန်မှန်လေး ပြေးပါတယ်။ ရှေ့နောက် ဘေးဘယ်ညာကိုလည်း မျက်ခြေမပြတ် ဂရုတစိုက်နဲ့ လေ့လာပြီး သတိနဲ့ သွားပါတယ်။

ဖိုးရွှေယုန် အဲလိုသွားနေတုန်းမှာပဲ တောလမ်းဘေး တစ်နေရာမှာရှိတဲ့ ခြုံဖုတ်တစ်ခုက လှုပ်ခနဲ ဖြစ်သွားတာကို တွေ့လိုက်ရပါတယ်။ ရွှေယုန်လည်း လှည့်အကြည့် အမွှေးနံ့တမျိုး နှာခေါင်းထဲသို့ ရောက်လာပြီး မိုက်ခနဲ ဖြစ်သွားပါတယ်။ တစ်လှမ်းနှစ်လှမ်းပဲ ဆက်ပြီးလှမ်းနိုင်ပါတယ်။ ခေါင်းထဲက ရီဝေဝေ ဖြစ်လာပြီး ရွှေယုန်ဟာ အဲဒီနေရာနားမှာပဲ အိပ်ပျော်သွားပါတော့တယ်။

ဖိုးရွှေယုန်ကို ချစ်ခင်ကြတဲ့ ပရိသတ်တွေက ပန်းဝင်မယ့်နေရာမှာ ရင်ခုန်စွာနဲ့ စောင့်စားနေကြပါတယ်။ အဲဒီအချိန်မှာပဲ ပြိုင်ပွဲကို ကောင်းကင်ကနေ စောင့်ကြည့် အကဲဖြတ်နေတဲ့ ငှက်ဒိုင်လူကြီးတွေက သတင်းပေးဖို့ ရောက်လာပါတယ်။ ရွှေယုန်ဟာ လိပ်ကို ကျော်သွားပေမယ့် ပြေးရင်းနဲ့ မောပန်းလို့ ခရီးရဲ့ သုံးချိုးနှစ်ချိုးလောက်မှာ အိပ်ပျော်သွားကြောင်း ပြောကြပါတယ်။ ရွှေယုန်ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ ဒါလုံးဝမဖြစ်နိုင်ဘူး၊ ကောလဟာလပဲ၊ ရွှေယုန်ဟာ လေ့ကျင့်ခန်း အမြဲလုပ်နေတဲ့သူ၊ ရွှေယုန်ပဲ အရင်ဆုံး ပန်းဝင်လာမှာ စသည်ဖြင့် ပြောဆို အော်ဟစ်ကြပါတော့တယ်။

တရားမမျှတတာတော့ အမှန်ပါ။ အားလုံး မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ကံကြမ္မာဟာ ကောက်ကျစ်ယုတ်မာတဲ့သူဘက်က ရပ်တည်လို့ အကျင့်မကောင်းတဲ့ လိပ်ငစဉ်းလဲသာ နှေးနှေးပင်ပင်နဲ့ ပန်းတိုင်ဆီ တရွေ့ရွေ့ချီတက်လာတာကို တွေ့လိုက်ရပါတယ်။ ပရိသတ်တွေကလည်း သက်ပြင်းတချချ၊ ခေါင်းတခါခါနဲ့ မကျေမနပ်တွေ ဖြစ်ကုန်ကြတာပေါ့။

တဖြည်းဖြည်းနဲ့ လိပ်ငမိုက်သားဟာ ပန်းတိုင်နားကို ရောက်လာပါတယ်။ အဲဒီအချိန်ကျမှ ရွှေယုန်ဟာ မေ့လဲနေရာကနေ နိုးလာပါတယ်။ နိုးနိုးခြင်း ပတ်ဝန်းကျင်ကို လှမ်းအကဲခတ်လိုက်တာနဲ့ သူအိပ်ပျော်သွားမှန်းသတိပြုမိလိုက်တယ်။ လိပ်ရဲ့ ကောက်ကျစ်ယုတ်မာမှုကိုလည်း ဒေါသထွက်သွားတယ်။ ချက်ချင်းပဲ ပန်းတိုင်ရှိရာကို ဦးတည်ပြီး ပြေးပါတော့တယ်။ ဒါပေမဲ့ ပန်းဝင်မယ့်နေရာကိုရောက်တော့ လိပ်က ညစ်ပတ်စဉ်းလဲစွာနဲ့ အရင်ဆုံး ပန်းဝင်သွားတာကို တွေ့လိုက်ရပါတော့တယ်။

စောင့်နေကြတဲ့ ပရိသတ်တွေက အားမလို အားမရနဲ့ ဒိုင်လူကြီး ဦးဇီးကွက်ကို ဒါဟာ တရားမျှမှု မရှိကြောင်း ပြောကြပါတယ်။ ဦးဇီးကွက်က သတင်းပေးတဲ့ ငှက်များရဲ့ အမြင်အရ ရွှေယုန်ဟာ လမ်းမှာ အပျင်းကြီးပြီး အိပ်ပျော်သွားခဲ့တာကြောင့် ခုလိုဖြစ်ရကြောင်း လိပ်ငစဉ်းလဲသာ အနိုင်ရကြောင်း အခြေအနေအရပ်ရပ်ကို သေချာမစဉ်းစားဘဲ ဆုံးဖြတ်ခဲ့ပါတယ်။ (အဲဒီလို မှားယွင်းစွာ ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဒိုင်လူကြီး ဦးဇီးကွက်ဟာ နောက်ပိုင်းမှာ ရှက်လွန်းလို့ နေ့ခင်းဘက် အပြင်မထွက်တော့ဘဲ ညနေဘက်မှသာ အစာရှာထွက်ပါတော့တယ်။ ဤကား စကားချပ်)

ဖိုးရွှွေှယုန်ကို ချစ်တဲ့ ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။ ဘယ်လို ဖြစ်တာလဲလို့လည်း ရွှေယုန်ကို ဝိုင်းမေးကြပါတယ်။ “လိပ်ငစဉ်းလဲရဲ့ မေ့ဆေးကြောင့် သူအိပ်ပျော်သွားကြောင်း၊ လိပ်ဟာ အင်မတန်ကောက်ကျစ်ယုတ်မာကြောင်း၊ ပြိုင်ပွဲကို မတရားသဖြင့် အနိုင်ယူသွားကြောင်း…” စတာ စတာတွေကို ပြောချင်ပေမယ့် စိတ်ထားဖြူတဲ့ ဖိုးရွှေယုန်ဟာ ဘယ်လိုမှ ပြောမထွက်ခဲ့ပါဘူး။ ဒါကြောင့် သဘောထားကြီးစွာ ခွင့်လွှတ်စွာနဲ့ပဲ… “လမ်းမှာ သူအိပ်ပျော်သွားတာအတွက် စိတ်မကောင်းဖြစ်မိပါတယ်၊ ခွင့်လွှတ်ကြပါ” လို့ပဲ ပြောပြီး ပြိုင်ပွဲနေရာက သူရဲကောင်းပီသစွာ ကျောခိုင်း ထွက်ခွာလာခဲ့ပါတော့တယ်။

ဒီလိုနဲ့ပဲ စိတ်ထားဖြူစင်ပြီး သဘောကောင်းတဲ့ ဖိုးရွှေယုန်ဟာ ကောက်ကျစ်စဉ်းလဲပြီး အကျင့်မကောင်းတဲ့ လိပ်ကို အပြေးပြိုင်ပွဲတစ်ခုမှာ ပွတ်ခါသီခါ အရေးနိမ့်ခဲ့ဖူးပါတယ်။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

(စာကြွင်း။ ။ ယုန်များ၏ မူလတန်းဖတ်စာအုပ်မှ ပုံပြင်တစ်ပုဒ်အား ကောက်နှုတ်ဖော်ပြခြင်းပါ။)


Han Thit Nyeim

His writings and articles has been published across a number of online medias and social platforms. He is also the author of the books: ကျွန်တော်ဖတ်ချင်သော ပုံပြင်များ; ကောင်လေးတစ်ယောက်ရဲ့ ရာဇဝင်; အလန်းစား၊ အလန်စာ၊ အလန့်စကား; ကျွန်တော်နှင့် သူမ; and ရှေးတရုတ်ပြည်မှ အသောအထေ့များ.

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *