ဟိုးရှေးရှေးတုန်းကလို့ ထင်တာပါပဲ။
၁။ ။
တခါက ကြွက်ငယ်တစ်ကောင်သည် တောထဲလျှောက်သွားရာမှ မျက်စိလည်လမ်းမှားပြီး အိပ်နေသော ခြင်္သေ့ကို ဝင်တိုက်မိသည်။ ခြင်္သေ့ကလည်း ငိုက်မျည်းနေတာဆိုတော့ သူ့ရှေ့ရောက်လာသော ကြွက်ငယ်ကို အလွယ်တကူပင် ဖမ်းမိလေသည်။
“ကျွိ… အောင်မြတ်လေးဗျ”
“ဟမ်း၊ ရေကန်အသင့် ကြာအသင့်ဆိုသလို၊ မုတ်ဆိတ်ကြွက်ဆွဲတာပဲဟ”
“ဗျာ၊ ဗျာ…”
ကြွက်ငယ်ခဗျာ ကြောက်ပြီးတုန်နေတယ်။ ပြီးမှ…
“နေ၊ နေပါဦး၊ ခင်ဗျားကြီးက ဘယ်သူလဲ”
“ဘာ။။။ မင်းငါ့တောင် မသိဘူးလား”
“ခင်ဗျားကြီးက ဘာမို့လို့ သိရမှာလဲဗျ”
“ဟာ… မင်းနှယ် ညံ့ချက်ကွာ။ တောသုံးထောင်ကို အစိုးရတဲ့ ခြင်္သေ့မင်းဆိုတာ ငါပေါ့”
“အော်…”
“မအော်နဲ့၊ မင်းကိုငါစားရလိမ့်မယ်”
“ဗျာ၊ ဘာကြောင့် စားရမှာလဲ”
“ဟ၊ မင်းကို ငါဖမ်းမိထားတယ်လေကွာ”
“ဘာဗျ၊ ကျုပ်ကို ဖမ်းထားတယ် ဟုတ်လား”
“အေးလေ…”
“နိုးနိုးနိုး… ခင်ဗျားစားလို့မရဘူး”
“ဘာလို့ စားလို့ မရရမှာလဲ”
“ဒီမယ်၊ ခင်ဗျားကြီးနဲ့ ကျုပ်၊ အရွယ်ချင်းလည်း ယှဉ်ပါဦးဗျာ၊ ကြီးနိုင်ငယ်ညှင်းလုပ်ရာ ကျမှာပေါ့”
“အင်း၊ ဒါပေမယ့် စားရမှာပဲ၊ ငါတို့လောကမှာ ကြီးသူရိုသေ၊ ငယ်သူသနား ဘာညာတွေ မရှိဘူး”
“ဒါပေမယ့်လည်း မစားသင့်သေးဘူး၊ ဘာလို့လဲဆိုတော့ ကျုပ်က ခင်ဗျားလိုက်ဖမ်းလို့ မိသွားတဲ့ သားကောင်မှ မဟုတ်ဘဲ၊ တမင် ရည်ရွယ်ပြီးခင်ဗျားဆီ ဝင်လာတာလေဗျာ”
“ဘာ… တမင်ဝင်လာတာ”
“ဟုတ်တယ်လေ၊ တမင် Intentionally ရောက်လာတာကို ခင်ဗျားက ခင်ဗျား ဖမ်းမိတယ်လေး ဘာလေးနဲ့၊ ပြန်ဆွဲစိလိုက်ရ ကွိသွားမယ် ဘာမှတ်နေလဲ”
“ဘာကွ…”
“စဉ်းစားကြည့်လေ၊ ကျုပ်လို အကောင်သေးလေး အိပ်နေလို့ ခင်ဗျားက မမြင်မကန်းနဲ့ တက်နင်းမိတယ်ဆို ထားဦး၊ ခု ကျုပ်က ခင်ဗျားလို ဆံမွှေးစုတ်ဖွားနဲ့ အကောင်ကြီး လမ်းမပေါ် တက်အိပ်နေတာ မမြင်ဘဲ ရှိမလားဗျ”
“အေး၊ ဒါလည်း ဟုတ်သားပဲ”
“ဒါကြောင့် ပြောတာ၊ ပြီးတော့ ကြီးနိုင်ငယ်ညှင်း လုပ်လို့ရမယ်ကော ထင်နေလား…”
“ငါက ရတယ်ဆို ရတယ်ကွာ…”
“အာ… အဲဒါတွေ ခက်တာပေါ့… ခင်ဗျားပဲ ခုနကပြောတယ်လေ၊ ခင်ဗျားကို သိရမယ်ဆို…”
“အင်းလေ၊ ငါက တောဘုရင်ပါ ဆိုမှပဲ”
“အဲဒါတွေ ပြောတာ… ခင်ဗျားဟာ အကောင်ကြီးပြီး အချိန်ကို မစီးဘူး၊ ခင်ဗျား ဒီလောက် ပေါ်ပြူလာဖြစ်နေမှတော့ ခင်ဗျားနောက်ကို ပါပါရာဇီတွေ လိုက်နေပြီပေါ့…”
“ဘာလဲကွ၊ ပါပါရာဇီဆိုတာ…”“အာ၊ နာမည်ကြီးတွေနောက်ကနေ ခိုးပြီး မှတ်တမ်းလိုက်ယူနေတဲ့ သတင်းထောက်တွေ၊ ဓာတ်ပုံသမားတွေကို ပြောတာပေါ့ဗျ”
“ဟေ၊ ဟုတ်လား၊ အဲသလိုရှိသလားဟ”
“ရှိတာပေါ့ဗျ။ ခု ခင်ဗျားနဲ့ ကျုပ်ပြောနေတာတောင် တချို့ သတင်းဌာနတွေ၊ ဖေ့စ်ဘွတ်ခ် ပေ့ခ်ျတွေမှာ တိုက်ရိုက်လွှင့်နေလောက်ပြီ”
“ဟုတ်လား”
“ထားပါလေ၊ လိုရင်းကိုပဲ ပြောမယ်။ ကျုပ်ကို အဲလိုကြီးဆုပ်မထားပါနဲ့ဗျာ။ အသက်ရှုကြပ်လို့ အောက်ချစမ်းပါဗျာ”
“အော်၊ အေး… ပြော၊ မင်းကိစ္စ”
“ဒီလိုလေ… ခင်ဗျား ဒီလောက် ပေါ်ပြူလာဖြစ်နေရင် ခင်ဗျားအကြောင်း လူတွေသိနေလောက်ပြီ၊ ပြီးတော့ ခင်ဗျားကို ထောင်ဖမ်းမယ့် မုဆိုးတွေက ခုချိန်လောက်ဆို ထောင်ချောက်တွေ၊ ပိုက်ကွန်တွေ ပြင်ပြီး လာနေလောက်ပြီပေါ့ဗျ…”
“ဟေ၊ ဟုတ်ပါ့မလားကွ”
“မယုံလည်းနေဗျာ၊ ခင်ဗျားဟာ တောဘုရင်ဆိုတာ မေ့မထားနဲ့၊ သရဖူဆောင်းသော ဦးခေါင်းတို့သည် လေးလံစမြဲဆိုတာ မကြားဖူးဘူးလား၊ သတိနဲ့နေဗျ”
“အမ်…”
“ဟုတ်တယ်၊ သွားတာလာတာ ဆင်ခြင်ဗျ၊ တော်ကြာ ခင်ဗျားကြီး တစ်ခုခုဖြစ်မှ ကျုပ်ကလာပြီး ကယ်ရ ပြုရဆိုရင် သိပ်ကြားကောင်းမှာ မဟုတ်ဘူး”
“ဘာ၊ မင်းက ငါ့ကို ကယ်နိုင်လို့လား”
“အာ၊ ကြည့်၊ မဆင်မခြင်တွေ ပြောပြန်ပြီ၊ တကယ်က အရွယ် ကြီးတာငယ်တာက အဓိက ဟုတ်ဘူးဗျ၊ လုပ်ရည်ကိုင်ရည် လုပ်တတ်ကိုင်တတ်ဖို့ပဲ…”
“အင်း…”
“ထားဗျာ။ ကျုပ်သွားမယ်။ အချိန်မရှိဘူး။ ကျုပ်သတိပေးတာ မေ့မထားနဲ့။ ဟိုနားဒီနားလောက်ပဲသွား၊ သိပ်ဝေးဝေးလံလံတွေ မသွားနဲ့။ ခေတ်က သိပ်ကောင်းတာ မဟုတ်ဘူး”
“အေးပါကွ”
“လူတွေကလည်း ခုချိန်လောက်ဆို ခင်ဗျားကို လိုက်ရှာနေလောက်ပြီ…”
“အေး၊ အေးပါကွာ။ ငါသိပါတယ်”
၂။ ။
ဒီလိုနဲ့ တောဘုရင် ခြင်္သေ့မင်းခဗျာ မိုးပြိုမည်ကို စိုးရိမ်သော ယုန်သူငယ်ကဲ့သို့ ဘယ်မှမသွားဝံ့တော့ဘဲ ဂူအောင်းနေကာ မိန်းမရှာကျွေးသမျှ ထိုင်စားရသော ဘဝသို့ ရောက်သွားလေတော့သည်။
ခြင်္သေ့မင်းမှာ ဂူအောင်းနေရင်း ကြွက်ငယ်နှင့် တွေ့တုန်းက အဖြစ်ကို ပြန်စဉ်းစားမိသည်။ ပြီးတော့ ဒေါသတွေ ထွက်လာတော့သည်။ အဲဒီတုန်းက ကြွက်ငယ်ကို တစ်ခါတည်း စားမပစ်လိုက်ခြင်း အတွက်လည်း နောင်တတွေ ရနေတော့သည်။ ခုတော့ သူ့သိက္ခာတွေ၊ ဂုဏ်ကျက်သရေတွေ…
“တောက်ကွာ၊ ခုချိန်လောက်ဆို ဟိုကောင်လေး ငါ့ကို ဆုံးမသွားတာတွေ ဖေ့စ်ဘွတ်ခ် ပေ့ခ်ျတွေမှာ တက်နေလောက်ပြီ”
“ဒီမယ်… ရှင်တစ်ယောက်တည်း ဘာတွေဖြစ်နေတာတုန်း”
“ဘာတုန်းကွ”
“ဘာမှ မကွဘူး… ဗိုက်ဆာနေပြီရှင့်… ကျွန်မက ဝေးဝေးလံလံတွေ သွားတတ်တာ မဟုတ်ဘူး။ ရှင်မှ အစာသွားမရှာရင် ကျွန်မတို့ မိသားစုတွေ ငတ်သေဖို့ပဲ ရှိတော့တယ်”
“မင်း မသိပါဘူးကွာ”
“ဘာမသိတာလဲ။ မသိတာက ရှင်… ရှက်တတ်ရင် လဲသေဖို့တောင် ကောင်းတယ်၊ တောဘုရင်ဖြစ်ပြီး မိန်းမလုပ်စာ ထိုင်စားရတယ်လို့”
“အာ၊ မင်းတို့ မိန်းမတွေ ပြောလိုက်ရင် ဒါပဲ။ အိမ်မှာနေလို့ ငါအရှက်မရှိတာ လူမသိဘူးကွ၊ အပြင်ထွက်မှ ပိုဆိုးမယ်၊ ခုချိန်ဆို ငါနဲ့ ဟိုအကောင်လေး ပြောတဲ့ဟာကို ကြည့်ပြီး တောထဲက အကောင်တွေ ရယ်နေလောက်ပြီ”
“ဘာရယ်နေရမှာလဲ… ရှင်က တောဘုရင်လေ… အကုန်ကို ဟိန်းဟောက်ပစ်ရမှာလေ”
“အေးကွာ၊ ဟုတ်တယ်၊ ဒါပေမဲ့ ဟိုကြွက်စုတ်လေးက ငါ့ပြန်ဟောက်သွားတယ်ဟ”
“ဘယ်က ကြွက်စုတ်လေးလဲ”
“မင်းမသိပါဘူးကွာ၊ ခုချိန် တောထဲဝင်လည်း ငါ့ကို ဘယ်ကောင်မှ လေးစားမှာ မဟုတ်ဘူး”
“အာ… ရှင်အတော်သွေးကြောင်တာပဲ။ ကြွက်တွေ၊ ကြက်တွေ လုပ်မနေတဲ့ ဒီတစ်ခါ တွေ့တဲ့အကောင် အကုန် ဟောက်စားလုပ်ခဲ့… သွား”
“အင်း၊ အင်းပါကွာ”
ဤသို့ဖြင့် မိန်းမကို မလွန်ဆန်ဝံ့သော ခြင်္သေ့မင်းခမျာ စိတ်မပါ့တပါ သားကောင်ရှာထွက်ရလေတော့သည်။
၃။ ။
ဖြုတ်… စွပ်… (ပိုက်ကွန်တွင် ခြင်္သေ့မိသွားသော အသံဟု ယူဆပါ)
“ဟ၊ ဟ၊ ကယ်ကြပါ။။။ အာ… မှားလို့ ဝေါင်း… ဝုန်း…”
ပိုက်ကွန်က သားကောင်အသေးလေးတွေ ဖမ်းဖို့ထောင်ထားတာ။ ဒါပေမဲ့ ခြင်္သေ့မင်းခမျာ အဟာရပြတ်နေတော့ မရုန်းနိုင်ရှာဘူး။ ဒီလိုနဲ့ပဲ ဂယောင်ခြောက်ခြား အော်ဟစ်နေတော့တယ်။
“ဝေါင်း… ဟောင်း… ဝေါင်း… ဟောင်… ဟော… ဟဲ… ဟော… ဟဲ”
သူ့ခဗျာ အော်ဖို့တောင် အသံက မထွက်ရှာ။
“ကိုင်း၊ ခင်ဗျားကို ကျုပ်မပြောလား…”
အသံလာရာ ကြည့်လိုက်တော့ ကြွက်ငယ်လေး။
“အော်၊ ကျေးဇူးရှင်၊ လာစမ်း… မင်းကို ငါသတ်ချင်နေတာ… ဟော ဟဲ…”
“ဟား၊ ဟား၊ တော်ပါဗျာ။ ခင်ဗျားကြည့်ရတာ အတော်ပြိုင်းနေပုံပဲ၊ စိတ်ဓာတ်တွေ ကျနေတာလားဗျ”
“တော်၊ တော်… ငါ့လာပြီး မြှောက်လိုက်၊ ခြောက်လိုက် လုပ်မနေနဲ့၊ ဒီတစ်ခါတော့ မင်းကို သတ်စားမှ ဖြစ်မယ်”
“ဟား၊ ဟား၊ ခင်ဗျားဟာလေ လည်ဆံမွှေးတွေရှိသလောက် ဦးနှောက်ကိုမရှိဘူး။ သတ်လေ၊ ရလို့လား… ခင်ဗျားတောင် ခု ကိုယ့်အသက်ကိုယ် အနိုင်နိုင် မဟုတ်လား၊”
“ဟေ့ကောင်၊ ဒါက ငါ့ဘာသာ ဝင်ချင်လို့ ဝင်နေတာကွ”
“အောင်မလေး၊ ကျုပ်ရဲ့လေသံတွေ ဟစ်နေပါလား၊ ထောင်ချောက်ထဲကို Intentionally ဝင်တာပါလို့ ပြောဦးမလို့လားဗျ… လုပ်လေ… ကျုပ်က အနေသာကြီးပဲ… သွားပြီဗျာ တာ့တာ”
“ဟ၊ ဟ၊ ဟေ့ကောင်၊ နေပါဦးကွာ…”
“ဘာ နေပါဦးလဲ၊ ခင်ဗျားပဲ ကိုယ့်ဘာသာ ဝင်ချင်လို့ဆို…”
“အာ… စိတ်လျှော့ပါကွာ၊ ခုနက ငါစကားမှားပြောတာပါ”
“အေး၊ အဲလို အမှန်ကိုသိစမ်းပါဗျာ။ ခင်ဗျားဟာလေ ခြင်္သေ့ဖြစ်ပြီး ချီးဘရိန်းပဲ ရှိတာ”
“ဘာကွ… တယ်…”
“အိုကေလေ… တာ့တာ”
“ဟ၊ ဟ… နေပါဦးကွာ… ငါ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့ကွ”
“ဖြစ်ပြန်ပြီ။ ခင်ဗျားကို ကျုပ်သတိပေးခဲ့တယ်နော်၊ ကျုပ်လာကယ်ရမယ့် အဖြစ်မျိုး မရောက်စေနဲ့ ဆိုတာ”
“အေးပါကွာ၊ ငါမှားပါတယ်။ မင်းစကားကို နားမထောင်ဘဲ မိန်းမစကား…”
“ဘာ… မိန်းမစကား ဟုတ်လား”
ခြင်္သေ့မင်းခမျာ လည်ဆံမွှေးတွေ ကျုံ့ဝင်သွားလောက်အောင် ဇက်ကနေ ပုဝင်သွားတယ်။
“အင်း… အဲ… မိန်းမက သား၊ သားကောင်ရှာထွက်ဆိုလို့… ”
“အဲဒါတွေ ပြောတာပေါ့… ခင်ဗျားဟာ တောသုံးထောင် အစိုးရတဲ့ ဘုရင်လည်း ဆိုသေး၊ မိန်းမလည်း ကြောက်ရပြန်သေး၊ ခက်တယ်ဗျာ… ဒါကြောင့် ခင်ဗျားအုပ်ချုပ်တဲ့ တောကြီးက ဖြစ်ချင်တိုင်း ဖြစ်နေတာပေါ့… ခု ကြည့် ခင်ဗျား မိန်းမက ဒီလို သေရမယ့် နေရာကျတော့ သူလိုက်မလာဘူး…”
“အေး၊ အေးပါကွာ…”
“မိန်းမတွေကို ယုံရင် မှားမယ်ဗျ”
“အင်းပါကွာ၊ ခုငါ့ကို အရင်ကယ်ပါကွာ၊ တော်ကြာ မုဆိုးတွေ လာမှဖြင့်…”
“ဟွန်း… ခင်ဗျားကြီးက သေမှာတော့ ကြောက်တတ်သားပဲ”
“ဟ၊ ငါလည်း အသက်နဲ့ ကိုယ်နဲ့ပဲလေ… မင်းကွာ၊ လျှာရှည်မနေနဲ့ကွာ…”
“ဘာ… လျှာရှည်တယ်၊ ဟုတ်လား…”
“ဆော၊ ဆောရီးပါကွာ၊ မင်းကလည်း စိတ်ကြီးလိုက်တာ၊ မင်းကယ်မှ လွတ်မှာပါကွာ”
“အဲလိုမှပေါ့၊ ကဲ…”
ကြွက်ငယ်က ပိုက်ကွန်ရဲ့ ကြိုးတွေကို ကိုက်ဖြတ်ပေးလိုက်တော့မှ ခြင်္သေ့ခမျာ အသက်ရှုချောင်တော့သည်။
“ကျေးဇူးပါပဲကွာ”
“မလိုပါဘူးဗျာ။ ဒါနဲ့ ခုခင်ဗျားက ဘယ်သွားမှာလဲ”
“သားကောင်သွားရှာမှာပေါ့…”
“ဘာ… သားကောင်သွားရှာမယ်၊ ဟုတ်လား”
“ဟုတ်၊ ဟုတ်တယ်လေ…”
“ဘာလုပ်ဖို့ ရှာရမှာလဲ… မိန်းမစကားကို နားထောင်ဦးမယ်… ဒုက္ခရောက်တာ မမှတ်သေးဘူးလား… သွား… အိမ်ကို တန်းတန်းပြန်”
“အင်း၊ အင်းပါကွာ”
ပုံပြင်လေးက ဒါပါပဲ… ယုံချင်မှ ယုံကြပါ။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
[ပုံပြင်မှပေးသော သင်ခန်းစာ။ ။ ဆယ်လီ ဖြစ်ချင်သော ခြင်္သေ့များသည် ဦးနှောက်မရှိချေ။]
0 Comments