Time Travel ဆိုတဲ့ အချိန်ခရီးသွားခြင်း နဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ အများအပြားရှိခဲ့ပေမယ့် Science Fiction ဆန်ဆန်တွေ များပါတယ်။ အဲဒီလို ရုပ်ရှင်တွေမှာ စိတ်ဝင်စားစရာ စိတ်လှုပ်ရှားစရာတွေ ပါပေမယ့် ကိုယ့်ရဲ့ အတွေးအခေါ်တွေ… စိတ်ကူးတွေကို ဖမ်းစားလောက်စေတဲ့ ကားတွေက နည်းပါတယ်။ ဘာလို့လဲဆိုတော့ Time Travel ကို ရိုးရိုးရှင်းရှင်းပဲ တင်ပြကြလို့ပါ။ စက်ကြီးတွေ၊ ယာဉ်ပျံတွေထဲဝင်ပြီး အတိတ်ကိုရောက်မယ်… အနာဂတ်ကိုသွားမယ်… အဲသလောက်ပါပဲ။

ဒါဆိုရင် Time Travel ရုပ်ရှင်တွေကို ဘယ်လိုရိုက်တာမျိုးက ကြည့်ကောင်းသလဲလို့ ကျွန်တော့်ကို မေးရင် Paradox ဆိုတဲ့ လူကို ဒွိဟဖြစ်စေ၊ စဉ်းစားရကြပ်စေတဲ့ အတွေးအခေါ်တွေ ထည့်ပေးတဲ့ ရုပ်ရှင်တွေလို့ ဖြေချင်ပါတယ်။ (ကျွန်တော့် အမြင်သက်သက်ဖြစ်၍ စာဖတ်သူတို့ခံစားချက်နှင့် ကွဲလွဲကောင်းလွဲပါလိမ့်မယ်။)

ဒါဆိုရင် ဘယ်လို Paradox တွေပါဝင်တာမျိုးလည်း ဆိုရင် အဓိက အုပ်စုအားဖြင့် နှစ်မျိုးရှိပါတယ်။ အဲဒီ ထဲက ပထမအုပ်စုထဲမှာ နှစ်မျိုး ထပ်တွေ့ နိုင်ပါတယ်။ ပထမတစ်ခုက Grand Father Paradox လို့ခေါ်ပြီး နောက်တစ်ခုက Bootstrap Paradox လို့ ခေါ်ပါတယ်။ Paradox တွေဟာ အဖြေမရှိတာများပြီး စဉ်းစားလေ ခေါင်းခြောက်လေပါပဲ။ Time Travel Paradox တွေလည်း ထိုနည်းလည်းကောင်းပါ။ Paradox တွေအကြောင်း အသေးစိတ်ဖတ်ချင်ရင် ဒီလင့်ခ်က ကျွန်တော့်ရဲ့ ပို့စ်အဟောင်းလေးကို ဖတ်ပါ။

Grand Father Paradox

Grand Father Paradox ဆိုတာကို မြန်မာလိုပြန်ရမယ်ဆိုရင် “ကိုယ့်အဖိုးကို ကိုယ်ပြန်သတ်တဲ့ ယုံတမ်း” ဖြစ်ပါတယ်။ Time Travel လုပ်ပြီး အတိတ်ကိုသွားမယ်။ အဲဒီလို သွားတဲ့အတိတ်က လွန်ခဲ့တဲ့ အနှစ် ၇၀ လောက် ကိုယ့်ရဲ့ အဖိုးက ကိုယ်နဲ့ရွယ်တူ ဆယ်ကျော်သက်ဖြစ်နေတဲ့အရွယ်။ အဖွားကို ရည်းစားစကား လိုက်ပြောနေတဲ့ အချိန်လည်း ဖြစ်ချင်ဖြစ်မယ်။ အဖေနဲ့ အမေတောင် မမွေးသေးဘူး။ အဲဒီအထိက ပြဿနာ မရှိသေးဘူး။

ပြဿနာက ဘယ်မှာစလဲဆိုတော့ ကိုယ်က အဖိုးကိုသွားသတ်လိုက်တဲ့ အခါမှာ…။ တကယ်လို့ အဖိုးသာ သေသွားရင်… အဖွားနဲ့ ညားဖို့လည်း မမြင်… ဒီတော့ ကိုယ့်အဖေနဲ့ အမေကို မွေးလာဖို့လည်း မဖြစ်နိုင်…။ ဒါဆိုရင် ကိုယ်ကိုယ်တိုင်လည်း ရှိဖို့၊ ဖြစ်တည်ဖို့ မဖြစ်နိုင်တော့…။ “It is impossible to kill your own existence” တဲ့။ ကိုယ့်ဖြစ်တည်မှုကို ကိုယ်ပြန်သတ်လိုက်ဖို့ မဖြစ်နိုင်ဘူးပေါ့။ Grand Father Paradox ဆိုတာ ဒီသဘောပါ။ ၁၉၈၅ မှာ ထွက်တဲ့ Back to the Future (1, 2, 3) ဟာ ဒီသဘောတရားကို အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဆုံးကားလို့ ထင်ပါတယ်။ ဒီထက် ပိုကောင်းတဲ့ ရုပ်ရှင်က ၂၀၁၄ ထွက် Predestination ဆိုတဲ့ ကားပါ။ ကြည့်ပြီးရင် သင့်ကို အတွေးတစ်ခုခုတော့ ပေးပါလိမ့်မယ်။

Grand Father Paradox ကို Let’s Kill Hitler Paradox လို့လည်း တချို့က ဆိုကြတယ်။ သဘောတရားက အတူတူပါပဲ။ သင်ကျောင်းတက်တဲ့အခါ သမိုင်းထဲမှာ ဟစ်တလာဟာ လူဆိုးကြီးလို့ သင်ရတယ်။ ဒါကြောင့် သူ့ကို အတော်လေး ရွံမုန်းပြီး Time Travel လုပ်ကာ အတိတ်ကို ပြန်သွားပြီး သတ်မယ်လို့ ကြံစည်မိတဲ့အခါမျိုးမှာပါ။

Grand Father Paradox မှာ သင့်အဖိုးကို ပြန်သတ်တာမှာ Butterfly Effect ဆိုတဲ့ ဆင့်ကဲဖြစ်စဉ်က သင်နဲ့ သင့်မိသားစုလောက်တင်ပဲ ဖြစ်ပေမယ့် ဟစ်တလာကို သတ်တာမျိုးကျတော့ တစ်ကမ္ဘာလုံးကို အကျိုးသက်ရောက်စေတာပါ။ တကယ်လို့ ဟစ်တလာ အာဏာရှင် မဖြစ်ခင်မှာ သင်သာသူ့ကို သွားသတ်နိုင်ခဲ့ရင်… ဟစ်တလာဟာ လူဆိုးကြီးအနေနဲ့ သမိုင်းစာအုပ်ထဲ ပါလာတော့မှာ မဟုတ်ပါဘူး။ ဒါဆိုရင် သင်လည်း သူ့ကို သတ်ဖို့ ကြိုးစားတော့မှာ မဟုတ်ဘူးလေ။ ဒီအကြောင်းကို ဇာတ်လမ်းအဖြစ် ခံစားချင်ရင်တော့ BBC ကလွှင့်တဲ့ Dr. Who ရဲ့ Season 6 ထဲက Let’s Kill Hitler ဆိုတဲ့ ဇာတ်လမ်းကို ညွှန်းချင်ပါတယ်။


Bootstrap Paradox

Bootstrap Paradox ကို တချို့က Casual Loop Paradox လို့လည်း ခေါ်ပါတယ်။ Bootstrap ဆိုတာ ရှူးဖိနပ်ရဲ့ အနောက်ဘက် ဖနောင့်နားက အပိုချုပ်ပေးထားတဲ့ အစလေးပါ။ ဒါလေးကို ဆွဲတင်ပြီး ဖိနပ်စီးရတာပါ။ အဲဒီ ဖိနပ်ရဲ့ အနှောင့်နေရာလေးက ဆွဲပြီး သင့်ကိုယ်သင် မတင်လိုက်တာမျိုးပါ။ ဆိုလိုတာက ဖိနပ်ကိုကိုင်ပြီး သင့်ကိုယ်သင် လေထဲကို မြောက်သွားအောင် ပင့်တင်လိုက်တဲ့သဘောပေါ့။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ပြီးတော့ Casual Loop ဆိုတဲ့ သဘောလည်း ပါတော့ သူ့အလိုလို မကျွတ်လွတ်နိုင်ဘဲ မုန့်လုံး စက္ကူကပ်ပြီး သံသရာလည်နေတာကို ပြောတာပါ။

Time Travel သဘောတရားမှာ ဒါကို ဘယ်လို ရှင်းပြသလဲဆိုတော့ သင်ဟာ အတိတ်ကို ပြန်သွားပြီး သင်မလိုချင်တဲ့ ဖြစ်ရပ်တစ်ခုခုကို တားဆီးဖို့ကြိုးစားတယ်ပေါ့…။ အဲဒီအခါ အဲဒီဖြစ်ရပ်ကို ဖြစ်စေတာဟာ သင်ပဲ ပြန်ဖြစ်နေတာမျိုးပါ။ ရှုပ်သွားလားဗျာ… ဥပမာ သင့်ကောင်မလေးက ကားတိုက်ခံရပြီး ဆုံးသွားတယ်ပေါ့။ ဘယ်သူတိုက်သွားမှန်းလည်း မသိဘူး။ ဒါကိုသင်က ပြန်တားဆီးဖို့ အတိတ်ကိုသွားပြီး သင့်ရည်းစား လမ်းဖြတ်ကူးမယ့် နေရာကို အချိန်မီသတိပေးဖို့ Taxi ငှားပြီး အလောတကြီးသွားတယ်။ အဲဒီမှာ သင်ငှားလာတဲ့ Taxi ဆရာက မူးနေတော့ လမ်းဖြတ်ကူးတဲ့ ကောင်မလေး တစ်ယောက်ကို တိုက်မိတယ်။ သူတိုက်မိတာဟာ သင့်ကောင်မလေး ဖြစ်နေတာပေါ့။ ဒါဆိုရင် သင့်ရည်းစားကို တိုက်သွားတဲ့ကားကို မောင်းခိုင်းတဲ့ အဓိက တရားခံဟာ အနာဂတ်က ရောက်လာတဲ့ သင်ပဲ ဖြစ်နေတာပေါ့ဗျာ။

ဒါကြောင့် ဒီ Paradox ကို တချို့က Predestination Paradox လို့လည်း ခေါ်တယ်။ သင့်ရဲ့ ကံတရားကို သင်ကပဲ ပြန်ဖန်တီးနေတဲ့ သဘောဖြစ်နေတာပေါ့။ “The end is the beginning and the beginning is the end – အဆုံးဟာ အစပဲဖြစ်ပြီး အစကလည်း အဆုံးပါပဲ” တဲ့။ ကြက်ဥနဲ့ ကြက်မ ဘယ်ဟာက အရင်လာသလဲ မသိလိုပါပဲ။ ဒီသဘောတရားပါဝင်တဲ့ ရုပ်ရှင်တွေထဲမှာ ၂၀၁၂ ထွက် Looper ဆိုတဲ့ ကားနဲ့… ၂၀၀၉ ခုထွက် The Triangle ဆိုတဲ့ ကားတွေကို ညွှန်းချင်ပါတယ်။ ကြည့်ပြီးသွားရင် တစ်ညလောက် အတွေးတွေ မဆုံးဘဲ ဖြစ်သွားပါလိမ့်မယ်။

Grand Father Paradox နဲ့ Bootstrap Paradox နှစ်ခုလုံးပါတဲ့ ဇာတ်လမ်းတွဲကောင်းကောင်းကို ညွှန်းပါဆိုရင် Netflix မှာ ပြနေတဲ့ Dark ဆိုတဲ့ ဂျာမန် TV series ကို ညွှန်းချင်ပါတယ်။ ၂၀၂၀ ဇူလိုင်ကတည်းက Final Season (Season 3) ထွက်သွားပြီမို့ ဇာတ်လမ်းပြီးသွားပါပြီ။ IMDB rating 8.7 ရပေမယ့် ကျွန်တော်က 9 အထက်ပေးချင်ပါတယ်။ Game of Throne, Walking Dead စတာတွေထက် အများကြီး ကောင်းတယ်လို့ ကျွန်တော် ခံစားမိလို့ပါ။ Time Travel တွေကြိုက်တယ်။ Paradox သဘောတရားတွေ ခံစားချင်တယ်ဆိုရင် ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဒဿနစာသင်ခန်း ငေါင်ငေါင်ကြီးထဲမှာ မရနိုင်တဲ့ Paradox သဘောတရားတွေ သီအိုရီတွေကို ရင်တလှပ်လှပ်နဲ့ ခံစားရပါလိမ့်မယ်။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

Categories: Philosophy

Han Thit Nyeim

His writings and articles has been published across a number of online medias and social platforms. He is also the author of the books: ကျွန်တော်ဖတ်ချင်သော ပုံပြင်များ; ကောင်လေးတစ်ယောက်ရဲ့ ရာဇဝင်; အလန်းစား၊ အလန်စာ၊ အလန့်စကား; ကျွန်တော်နှင့် သူမ; and ရှေးတရုတ်ပြည်မှ အသောအထေ့များ.

0 Comments

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *