တစ်နေ့က အိမ်မှာ ဒီဗီဒီအဟောင်းပုံထဲက Davinci Code ဇာတ်လမ်းလေး ပြန်တွေ့မိတယ်။ အကြိမ်ကြိမ် ကြည့်ပြီးသားပေမယ့် သဘောကျတာကြောင့် နောက်တစ်ခေါက် ထပ်ကြည့်လိုက်တာ ညနေ သုံးနာရီကျော်သွားပါရော။ အဲဒီမှာ ယေရှုခရစ်တော်နဲ့ ပတ်သက်တဲ့ လျှို့ဝှက် ကိစ္စတွေကို Code, Cryptogram, Cipher စတဲ့ ဝှက်စာရေးနည်းတွေနဲ့ ဖွက်ထားတာကို မင်းသားနဲ့ မင်းသမီးက လိုက်အဖြေရှာ ဖော်ထုတ်ကြတာပါ။ ဟိုးရှေးရှေးက ခရစ်တော်ရဲ့ မရှင်းမရှင်း ကိစ္စဆိုတော့ မင်းသားနဲ့ မင်းသမီးကို နှုတ်ပိတ်ဖို့ လိုက်ပြီးလုပ်ကြံတဲ့သူတွေကလည်း အများသားပေါ့။

အဲဒီကားလေး ကြည့်ရင်းကနေ မြန်မာရှေးတုန်းက ပဟေဠိတချို့ကို သွားသတိရမိတယ်။ သူတို့လည်းပဲ Davinci Code လို အသည်းအသန်ဖော်ရတာပါပဲ။ ခေတ်ကာလက မြန်မာနောက်ဆုံးမင်းဆက်ရဲ့ ကုန်းဘောင်ခေတ်ကာလ တုန်းကပါ။ မင်းတုန်းမင်းနဲ့ စကြာဒေဝီတို့ အပြန်အလှန်ပေးတဲ့ ဝှက်စာတွေ ဖြစ်ပါတယ်။ အောက်မှာ ကြည့်ကြည့်ပါ။

မင်းသားထံမှ ပေးသော သံဝေဂတေးထပ်

ကပ်ကမ္ဘာဦးအစ၊ အထူးပမှတ်ရာ၊ မြတ်မျိုးတို့ သိအပ်ပါသည်၊ နိပါတ်လာစကား၊ ပန်းသော်က မုခ်ခံမြင့်သည်၊ ရုပ်နံနှင့် ကင်းစို့မမှား၊ ငါဟူသည့် မာနတွေကို၊ ကွာပစေစိတ်ထား၊ မြဲစွဲစွာ ထူးခြား၍၊ ဦးတရားရဖွယ်၊ ခါဖန်ဖန် ဓမ္မာပြ၊ စွာလှသည့် ဒေါသဖျောက်ပယ်၊ မိတ်ကောင်းရ ဂူလယ်မှာ၊ သူတော်နွယ်လိုပြည့်၊ တကိုယ်မွေ့ ဆိတ်ငြိမ်ရာ၊ မပြတ်ကျင့်ခွာ၊ ကိုင်လက်စွဲ ကျမ်းရွှေစာကို၊ လမ်းမကွာ ရှုစမ်းကွယ့်လေး။

မင်းတုန်းမင်းသားက အဲလိုရေးပေးတော့ စကြာဒေဝီမင်းသမီးကလည်း အောက်ပါအတိုင်း တေးထပ် တစ်ပုဒ် ပြန်ရေးပေးပါသတဲ့။

မင်းသမီးထံမှ ပြန်ပေးသော သံဝေဂတေးထပ်

နောက်နောင်ခါ ပျက်ပြားရ၊ တက်ကြွားလှမာန်ကို၊ ပူကျိုးနဲ့ ရန်မခိုအောင်၊ ပဟန်ဆို နောက်ဆုံး၊ ပန်းရင်ကပ် ရိပ်နွမ်းရော်ငယ်၊ အိပ်တန်းတော် ဆင်းသက်သည့်ထုံး၊ တော်မခ ရော်လျကြွေ၊ သော်ကငွေ နောက်ဆုံး၊ သည်ပမာ ကွဲပျက်ပြုန်းနေကြ၊ ပွဲတက်တုန်း သေကြေ၊ တော်ဝင်အောင် ကျော်ဆင်သ၊ ဇော်တင်ရ ထူးဂုဏ်မြင့်နေ၊ လင်သားနဲ့ ပြုံးနေစ၊ သုံးသေကြေ ခက်စတောင်းဟာမို့၊ မက်မကောင်း ပစ်ပယ်မှာ၊ ခြေရောလက်ပါ၊ တက်လှမ်း၍ နန်းအမတာကို၊ ဆန်းမကြာ မှီခိုဖို့လေး။

ငှက်မသိတော့ ဆက်ရက်ချိုးထင်သလိုပါပဲ။ ဒီလို အပြန်အလှန်ပေးကြတာကို သေချာမသိရင်တော့ အပြန်အလှန် တေးထပ်တွေ ရေးပေးတယ်လို့ပဲ ထင်ကြမှာပါ။ တကယ်က စကားဝှက်နဲ့ စာရေးတာပါ။ ဒီလိုဆိုတော့ Mindone Code, Satkyar Code စသဖြင့် ခေါ်ရတော့မှာပေါ့။ ဝှက်တာကို ဖော်ဖို့ ရာကတော့ Davinci Code ထက်တောင် ရှုပ်ပါသေးတယ်ဗျာ။ ပထမဆုံး မြန်မာသမိုင်းလေး နည်းနည်းလောက် ပြန်နွှေးကြတာပေါ့။ သမိုင်းသိတော့ ဘလိုင်းညှိဆော့ဖို့ မလိုတော့ ပိုစိတ်ဝင်စားဖို့ ကောင်းတာပေါ့ဗျာ။


ဟိုး မတိုမရှည်တုန်းကပေါ့ဗျာ။

ရွှေဘိုမင်း၊ ကုန်းဘောင်မင်းလို့ ခေါ်ကြတဲ့ သာယာဝတီမင်းမှာ မိဖုရားခေါင်ကြီးကနေ သားတော် ပုဂံမင်းနဲ့ သမီးတော် စကြာဒေဝီတို့ကို ရပါတယ်။ စကြာဒေဝီ မင်းသမီးဟာ ပိဋကတ်ဗေဒင်ပညာမှာ တစ်ဖက်ကမ်းခတ် တတ်မြောက်ကျွမ်းကျင်ရုံမက ရုပ်ဆင်းသွင်ပြင်ကလည်း နတ်သမီးတမျှ ထူးထူးခြားခြား လှပသတဲ့။ (စာအုပ်တွေထဲ အဲလိုပြောတာပဲ) ဒါကြောင့် မင်းညီမင်းသား အတော်များများက သဘောကျကျ နှစ်သက်ခြင်း ခံရသူ ဖြစ်ပါသတဲ့။ သူက ဣန္ဒြေသိက္ခာကလည်း ကြီးတော့ မင်းညီမင်းသားတွေခမျာ ချစ်ကြိုက်ကြောင်းကိုလည်း အသိမပေးရဲကြပြန်ပါဘူး။

ခမည်းတော် သာယာဝတီမင်းလွန်တော့ ပုဂံမင်း မင်းတက်ပေမယ့် တိုင်းရေးပြည်ရေးထက် အပျော်အပါးကိုသာ စိတ်ဝင်စားလေတော့ သူ့နှမတော် စကြာဒေဝီ မင်းသမီးက သဘောမကျလေဘူး။

အဲလို အခါမှာ မင်းတုန်းစား (ထိုအချိန်က မင်းမဖြစ်သေး) က အစ်မတော် စကြာဒေဝီထံ အမြဲဝင်ထွက်ပြီး တိုင်းရေးပြည်ရေး ဆွေးနွေးတာတွေ၊ ဗေဒင် ယတြာတိုင်ပင်တာတွေ မကြာခဏလုပ်လေ့ ရှိသတဲ့။ (တခြားအကြောင်းတွေလည်း ပါချင်ပါမှာပေါ့…) အဲဒီတော့လည်း အိုးချင်းထား အိုးချင်းငြိဆိုသလို တစ်ဦးကို တစ်ဦး သံယောဇဉ်တွေ ကြီးလာကြတာပေါ့ကွယ်။

စကြာဒေဝီမင်းသမီးကလည်း မင်းတုန်းစားရဲ့ ဇာတာနဲ့ သူ့နောင်တော် ပုဂံမင်းရဲ့ ဇာတာကို နှိုင်းယှဉ်စစ်ဆေးကြည့်တဲ့အခါမှာ ပုဂံမင်းဟာ မင်းတုန်းစားရဲ့ ဘုန်းကံကို မယှဉ်သာဘဲ အရှုံးပေးရမယ်ဆိုတာကို သူ့ပညာနဲ့ တွက်ချက်ပြီး မြင်လေသတဲ့။ ဒီတော့ ရှေ့ရေးကိုမြော်ပြီး မင်းတုန်းစားကို အခွင့်အရေးပေးပါတယ်။ (ဗေဒင်ပညာလေလား မိန်းမမာယာလေလား)

အဲလိုနဲ့ နောက်ဆုံးမှာ မင်းတုန်းစားက စကြာဒေဝီရဲ့ နည်းပေးလမ်းပြ စီစဉ်ညွှန်ကြားမှုနဲ့ပဲ ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ယတြာတွေ လုပ်ပြီး နောင်တော် ပုဂံမင်းကို ပုန်ကန်နိုင်ခဲ့ပါတယ်။ အဲဒီကနေ ကျေးဇူးတရားတွေကို လက်ခံရင်း မင်းတုန်းမင်းဟာ စကြာဒေဝီမင်းသမီးကို အားကိုးအားထားချင်တဲ့ စိတ်တွေ ဝင်လာတော့တာပေါ့ဗျာ။

အဲဒီအခါ မင်းတုန်းမင်းမှာ မစွမ်းရင်းကလည်းရှိ၊ ကန်စွန်းခင်းကလည်းငြိ ဆိုတဲ့ အတိုင်း အစ်မတော် စကြာဒေဝီ မင်းသမီးကို မိဖုရားခေါင်ကြီး အပ်နှင်းလိုက်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ ဒါပေမဲ့ မိဖုရားခေါင်နေရာကို အစ်မတော် ယူပါလို့ ပြောလိုက်ရင်ဖြင့် စိတ်များ ဆိုးတော်မူမှာလား တွေးမိတာကြောင့်လည်း မလျှောက်ဝံ့ မတင်ဝံ့ ဖြစ်နေမိတယ်။

နောက်မှ အစ်မတော်နဲ့ အတူ အဆောင်တော်ထဲမှာ စကားထာဝှက်လေ့ရှိတာကို သတိရပြီး သူ့ရဲ့ အကြံအစည်ကို အထက်က အတိုင်း တစ်ပါးသူတို့ ဖတ်မိလည်း တင့်စေ၊ အစ်မတော်လည်း အဓိပ္ပာယ်သိသွားရင် ခွင့်လွှတ်နိုင်ပါစေ ဆိုပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်လို့ သံဝေဂ တေးထပ် အနေနဲ့ ရေးပို့လိုက်ပါတော့တယ်။


ကဲ… အဲဒီတော့ သံဝေဂတေးထပ်မှာ ဘာတွေများ ထည့်ဝှက်ထားသလဲ ဆိုတာ ကြည့်ရအောင်ဗျာ။ အဲလို မဖော်ခင်မှာ ပဟေဠိဆန်တဲ့ မြန်မာစာပေ အရေးအသားတွေထဲက “ပိတုန်းပျံဝဲ ရေးသားနည်း” ကို ပြောပြချင်ပါတယ်။

ပိတုန်းပျံဝဲရေးနည်း ဟူသည် ရေးလိုသော စာလုံးစုစုပေါင်းသည် စုံဂဏန်း ဖြစ်ရမည်။ ယင်းစာလုံးစုစုပေါင်းကို (၂) ဂဏန်းဖြင့် စား၍ ပြတ်ရမည်။ အဖြောင့်ရေးသားထားသော စာတစ်ကြောင်းကို ပိတုန်းပျံဝဲရေးနည်းဖြင့် ရေးသားလိုလျှင် ရှေးဦးစွာ ပထမဆုံးစာလုံးကို ရေးရမည်။ ထို့နောက် စာလုံးတစ်လုံးကျော်စီ ကောက်ယူရေးရမည်။ စာကြောင်းဆုံးသွားလျှင် ဒုတိယစာလုံးကို ပြန်ကောက်ပြီး ထိုမှတစ်ဆင့် တစ်လုံးကျော် ပြန်ကောက်နည်းဖြင့် ဆက်လက်ရေးသား ရမည်ဖြစ်သည်။

“မြန်မာစာပေသမိုင်းတွင် ဟန်သစ်ငြိမ်၏ စာတို့သည် နာမည်ကျော် ထင်ရှားသည်” ဆိုသော (စာလုံး ၂၀ ပါ) ဝါကျကို ပိတုန်းပျံဝဲနည်းဖြင့် ရေးသားလျှင်… “မြန်စာသတွင် သစ်၏တို့နာ ကျော်ရှားမာပေ မိုင်းဟန်ငြိမ်စာ သည်မည်ထင်သည်။” ဟူ၍ ရေးရမည်ဖြစ်သည်။ အကယ်၍ ပိတုန်းပျံဝဲရေးနည်းကို မူရင်းအဖြောင့်ဝါကျသို့ ပြန်လည် ဖော်လိုလျှင် ဦးစွာ စာလုံးများကို အလယ်မှ ထက်ဝက်ပိုင်းပြီး အပေါ်အောက် နှစ်ကြောင်းခွဲရေးလိုက်ပါ။

မြန် စာ သ တွင် သစ် ၏ တို့ နာ ကျော် ရှား

မာ ပေ မိုင်း ဟန် ငြိမ် စာ သည် မည် ထင် သည်။

ထို့နောက် အပေါ်စာကြောင်း၏ ပထမစာလုံးကို ဦးစွာယူပြီးနောက်၊ အောက်စာကြောင်းမှ ပထမစာလုံးကို ဆက်ယူ၍ ရေးရမည်။ ဤနည်းဖြင့် အထက်နှင့်အောက် စနစ်တကျ အစီအစဉ်အတိုင်း ကောက်ယူရေးသားလျှင် မူလစာကြောင်းကို ပြန်ရမှာ ဖြစ်ပါတယ်။

အဲဒါကို သိသွားရင်တော့ တေးထပ်တွေကို ဖော်ကြည့်ပါမယ်။ မင်းတုန်းမင်းက ပေးတဲ့ တေးထပ်မှာ ပါတဲ့ အပိုဒ် ၁၈ ပိုဒ်ကို တစ်ပိုဒ်စီ ခွဲပြီး ချရေးလိုက်ရင် အောက်က အတိုင်းတွေ့ရမှာ ဖြစ်ပါတယ်။

ကပ် ကမ္ဘာဦးအစ
 ထူးပမှတ်ရာ
မြတ် မျိုးတို့ သိအပ်ပါသည်
နိ ပါတ်လာစကား
ပန်း သော်က မုခ်ခံမြင့်သည်
ရုပ် နံနှင့် ကင်းစို့မမှား
ငါ ဟူသည့် မာနတွေကို
ကွာ ပစေစိတ်ထား
မြဲ စွဲစွာ ထူးခြား၍

ဦး တရားရဖွယ်
ခါ ဖန်ဖန် ဓမ္မာပြ
စွာ လှသည့် ဒေါသဖျောက်ပယ်
မိတ် ကောင်းရ ဂူလယ်မှာ
သူ တော်နွယ်လို ပြည့်
 ကိုယ်မွေ့ ဆိတ်ငြိမ်ရာ
ပြတ်ကျင့်ခွာ
ကိုင် လက်စွဲ ကျမ်းရွှေစာကို
လမ်း မကွာ ရှုစမ်းကွယ့်လေး

အဲဒီကနေ အပိုဒ်တစ်ခုစီရဲ့ ရှေ့ဆုံးအလုံးတွေကို ယူလိုက်မယ်ဆိုရင် “ကပ် အ မြတ် နိ ပန်း ရုပ် ငါ ကွာ မြဲ ဦး ခါ စွာ မိတ် သူ တ မ ကိုင် လမ်း” ဆိုပြီး ၁၈ လုံးရှိတဲ့ စာကြောင်း တစ်ကြောင်း ရလာပါမယ်။ အဲဒီစာကြောင်းက အထက်မှာ ပြောပြခဲ့တဲ့ ပိတုန်းပျံဝဲရေးနည်းဖြင့် ရေးထားတာကြောင့် ဝှက်စာကို အဲဒီနည်းနဲ့ ပြန်ဖော်ပြီး ကောက်ယူရပါမယ်။

အဲဒီအခါမှာ “ကပ်ဦးအခါ၊ မြတ်စွာနိမိတ်ပန်း၊ သူယုတ်တံငါ၊ မကွာကိုင်မြဲလမ်း” ဆိုပြီး ထွက်လာပါမယ်။ (ဒီနေရာမှာ “တငါ = တံငါ၊ သူရုပ် = သူယုတ်” ဆိုပြီး အသံထွက်ကို လိုက်ပြီး ထပ်ပြောင်းရပါသေးတယ်။ Davinci Code လောက်ကတော့ သနားတယ်လို့ပဲ ပြောချင်တယ်။)

အဲဒီအတိုင်းပဲ မင်းသမီး ပြန်ပေးတဲ့ သံဝေဂ စာကို ဖော်ကြည့်ကြတာပေါ့။

နောက် နောင်ခါ ပျက်ပြားရ
တက် ကြွားလှမာန်ကို
ပူ ကျိုးနဲ့ ရန်မခိုအောင်
 ဟန်ဆို နောက်ဆုံး
ပန်း ရင်ကပ် ရိပ်နွမ်းရော်ငယ်
အိပ် တန်းတော် ဆင်းသက်သည့်ထုံး
တော် မခ ရော်လျကြွေ
သော် ကငွေ နောက်ဆုံး
သည် ပမာ ကွဲပျက်ပြုန်းနေကြ

ပွဲ တက်တုန်း သေကြေ
တော် ဝင်အောင် ကျော်ဆင်သ
ဇော် တင်ရ ထူးဂုဏ်မြင့်နေ
လင် သားနဲ့ ပြုံးနေစ
သုံး သေကြေ ခက်စတောင်းဟာမို့
မက် မကောင်း ပစ်ပယ်မှာ
ခြေ ရောလက်ပါ
တက် လှမ်း၍ နန်းအမတာကို
ဆန်း မကြာ မှီခိုဖို့လေး။

အထက်က မင်းသားရဲ့ ပေးစာကို ဖော်သလိုမျိုး ဖော်လိုက်မယ်ဆိုရင်ဖြင့်… “နောက်ပွဲတက်တော်၊ ပူဇော်ပလ္လင်ပန်း၊ သုံးအိပ်မက်တော်၊ ခြေတော်တက်သည်ဆန်း” ဆိုပြီး အဖြေရလာမှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း (ခြေသော် = ခြေတော် လို့ အသံထွက်အရ ပြောင်းယူရပါမယ်)

မင်းတုန်းမင်းသားက… “ကပ်ဦးအခါ၊ မြတ်စွာနိမိတ်ပန်း၊ သူယုတ်တံငါ၊ မကွာကိုင်မြဲလမ်း” လို့ မေးတာကို စကြာဒေဝီ မင်းသမီးက… “နောက်ပွဲတက်တော်၊ ပူဇော်ပလ္လင်ပန်း၊ သုံးအိပ်မက်တော်၊ ခြေတော်တက်သည်ဆန်း” လို့ အဖြေပြန်ပေးပါသတဲ့။ အဲဒါကလည်း သူတို့ တကယ်ဆိုလိုရင်း မဟုတ်သေးပါဘူး။ (ဒါကြောင့် ဒါဗင်ချီကို သနားတယ် ပြောရတာ) ဒီတော့ ဘာတွေမေးလို့ ဘာတွေ ဖြေကြသလဲ ထပ်တွေးကြည့်ကြတာပေါ့။

“ကပ်ဦးအခါ မြတ်စွာ နိမိတ်ပန်း” ဆိုတာက ကျမ်းဂန်တွေထဲက “ကမ္ဘာအပြား မျိုးခြောက်ပါး” ရှိတဲ့ အထဲမှာ ကပ်ဦးကမ္ဘာတည်းက နိမိတ်ပန်းအဖြစ် ပွင့်လာတာက ကြာပန်းပဲ ဖြစ်ပါတယ်။ ကမ္ဘာတစ်ခု ပျက်စီးသွားပြီးလို့ နောက်ထပ် ကမ္ဘာသစ်တစ်ခု ဖြစ်လာတိုင်း ရေ၊ မြေ၊ တော၊ တောင်တွေနဲ့အတူ ကြာပန်းပွင့်ဟာ ကမ္ဘာသစ် ဖြစ်လာပြီဆိုတဲ့ နိမိတ်အနေနဲ့ ပွင့်လာရပါတယ်။ ဒီတော့ “ကြာ” ဆိုတဲ့ စကားလုံး ရလာပါတယ်။

“သူယုတ်တံငါ၊ မကွာကိုင်မြဲလမ်း” ဆိုတာကို ဖော်ကြည့်ရင်… တံငါသည်တွေက အမြဲမကွာ ကိုင်လေ့ရှိတာဟာ… ပိုက်ကွန် ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီကနေ… “ပိုက်” ဆိုတဲ့ စကားလုံး ရပါတယ်။ဒီတော့ မင်းတုန်းမင်းသားက စကြာဒေဝီကို ပေးတဲ့ ဝှက်စာဟာ… “ကြာပိုက်၊ ကြိုက်ပါ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။ (နောက်ဆုံးတော့ သူလည်း ဒီဘူတာ ဆိုက်တာပါပဲလေ… ဒါဗင်ချီရေ မင်းတို့လို သမိုင်းတွေ ချီမနေဘူးဟ… တို့ဘုရင်က ရင်ထဲက စကားပဲ ပြောတယ်…)

ဒီလောက်ဆိုရင် စကြာဒေဝီက ဘယ်လို ပြန်ဖြေမယ်ဆိုတာ နည်းနည်းတော့ ရိပ်မိကြမယ် ထင်ပါတယ်။ “နောက်ပွဲတက်တော်၊ ပူဇော်ပလ္လင်ပန်း” ဆိုတာကို ဖော်ဖို့ ရှေးမြန်မာဘုရင်တွေရဲ့ နေရာတော် အသီးသီးကို သိရမှာ ဖြစ်ပါတယ်။ “ဇေတဝန်ဆောင်၊ ပေါင်းထော်ဆောင်၊ ပရိတ်နာတက်ဆောင်၊ အနောက်ပွဲတက်ဆောင်” ဆိုပြီး အဆာင်အသီးသီးရှိရာမှာ… ရာဇပလ္လင်ဟာ အနောက်ပွဲတက်ဆောင်မှာ ရှိပါတယ်။ ရာဇပလ္လင်ဥကင်ရဲ့ လက်ဝဲလက်ယာ နေရာတွေမှာ ပဒုမ္မာကြာပွင့်ခံပြီး ထုလုပ်လေ့ရှိပါတယ်။ ဒါကြောင့် အဲဒီကနေ “ကြာ” ဆိုတဲ့ စကားလုံးကိုရပါမယ်။

“သုံးအိပ်မက်တော်၊ ခြေတော်တက်သည့်ဆန်း” ဆိုတာကို ဖော်ဖို့အတွက်တော့ ဗုဒ္ဓဝင်ကို သွားရပါမယ်။ ဂေါတမ မြတ်စွာဘုရား အလောင်းတော်ဟာ ဘုရားအဖြစ်ကို ရခါနီးဆဲဆဲ သက္ကရာဇ် (၁ဝ၃) ခု၊ ကဆုန် လဆန်း (၁၄) ရက် အင်္ဂါနေ့ညမှာ အိပ်မက်ကြီး ငါးပါးကို မြင်မက်ပါတယ်။ အဲဒီထဲက တတိယ (သုံးခုမြောက်) အိပ်မက်တော်က အရောင်အဆင်း ဖြူဖွေးနေတဲ့ ပိုးကောင်တွေဟာ ခြေတော်ကနေ ဒူးပုဆစ်ထိအောင် ထူးထူးဆန်းဆန်း ဖုံးလွှမ်းတက်ရောက်တယ် လို့ မြင်မက်တာပါ။ အဲဒီတော့ “သုံးအိပ်မက်တော် ခြေတော်တက်သည့်ဆန်း” ဆိုတာကနေ… “ပိုး” ဆိုတဲ့ စကားလုံး တစ်လုံးရပါမယ်။

ဒီတော့ စကြာဒေဝီမင်းသမီးက မင်းတုန်းမင်းသားကို ပြန်ရေးလိုက်တာက… “ကြာပိုး၊ ကြိုးပါ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။ တကယ်ကို ချစ်မြတ်နိုးလို့ ရွှေဂဟေဆက်ချင်ရင်ဖြင့် ကြိုးစားပါ လို့ အားပေးတိုက်တွန်းတဲ့ အဖြေပဲ ဖြစ်ပါတယ်။ဒီလိုနဲ့ နောက်ဆုံးမှာ မင်းတုန်းမင်းသားနဲ့ စကြာဒေဝီမင်းသမီးတို့ ညားသွားကြတာပေါ့ဗျာ။ မင်းတုန်းဘုရင်ဟာ သူ့ဆံတော်ကို ရှင်းလင်းထုံးနှောင်ပေးရတဲ့ တာဝန်ကို အစ်မတော် စကြာဒေဝီ မိဖုရားက လွဲရင် တခြားဘယ်သူ့ကိုမှ ကိုင်ခွင့်မပေးခဲ့ဘူးလို့လည်း ဆိုပါတယ်။ နောက်ဆုံးနတ်ရွာစံတဲ့အထိ “အစ်မတော်” လို့ ခေါ်ရင်း စကြာဒေဝီနဲ့ ပေါင်းဖက်သွားပါလေသတဲ့။ (မင်းတုန်းဘုရင်ရဲ့ အခြားသောကိစ္စတွေကိုတော့ အခြားသော နေရာမှာပဲ ခဏထားလိုက်ပေါ့ဗျာ)

အဆုံးသတ်မတော့ နန်းဓလေ့ နန်းဟန်နဲ့ ရေးပေးလိုက်တဲ့ ဆန်းပေ့ ဆန်းပြန်ဆိုတဲ့ ဝှက်စာကြီးက သမီးရည်းစားတွေ အပြန်အလှန်ပေးတဲ့ မေတ္တာစာတွေ ဖြစ်နေတာပေါ့ကွယ်။ မြန်မာဒါဗင်ချီရဲ့ ပုံပြင်လေးကတော့ ဒါပါပဲ။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်


မှီငြမ်း၊ ကိုးကား

  • ပဟေဠိဆန်သော မြန်မာစာပေ အရေးအသား၊ လှမြင့် (ရန်ကုန်တက္ကသိုလ်)။ သူရဇ္ဇမဂ္ဂဇင်း၊ အတွဲ (၁ဝ) အမှတ် (၉) စက်တင်ဘာ ၂ဝ၁ဝ
  • မြန်မာ့ရိုးရာ စကားထာများ၊ ကြည်ဦး

(စာကြွင်း။ ။ ဒီဆောင်းပါးသည် စကားထာ ပဟေဠိ စသည်တို့အကြောင်းတို့ကို အဓိကဖော်ပြခြင်းဖြစ်ပါသဖြင့် သမိုင်း၊ ရာဇဝင်စသည့် အချက်အလက်များနှင့် ပတ်သက်သည်များကို မိမိဘာသာ တိုက်ဆိုင်လေ့လာဖို့ အကြံပြုချင်ပါသည်။)


Han Thit Nyeim

His writings and articles has been published across a number of online medias and social platforms. He is also the author of the books: ကျွန်တော်ဖတ်ချင်သော ပုံပြင်များ; ကောင်လေးတစ်ယောက်ရဲ့ ရာဇဝင်; အလန်းစား၊ အလန်စာ၊ အလန့်စကား; ကျွန်တော်နှင့် သူမ; and ရှေးတရုတ်ပြည်မှ အသောအထေ့များ.

1 Comment

ထင်ရှား · May 20, 2023 at 6:14 am

ကိုဟန်သစ်ငြိမ်းခင်ဗျာ… ကျွန်တော်က လက်ရှိ ဒန်ဘရောင်းရဲ့ Digital Fortress ကို ဘာသာပြန်နေပါတယ်… သူက Encryption နဲ့ Cryptology ကို အခြေခံထားတဲ့ ဝတ္ထုဆိုပါတော့ခင်ဗျာ… အဲဒီထဲမှာ ဝှက်စာပညာရဲ့ သမိုင်းကို သူတို့အချင်းချင်းပြောသလိုနဲ့ ပရိသတ်ကို ရှင်းပြတဲ့နေရာပါပါတယ်… အဲဒီမှာ ဂျူးလိယက်ဆီဇာရဲ့ ဝှက်စာဘူးကို တခုတ်တရ ဖော်ပြထားပါတယ်… ကျွန်တော် အစ်ကို့ရဲ့ စာကိုဖတ်ပြီးတဲ့အခါ ဒီအကြောင်းအရာကို ဝှက်စာပညာသမိုင်း ရှုထောင့်ကနေ ထည့်ရေးသင့်တယ်လို့ မြင်မိလို့… ကိုးကားခွင့်ပြုဖို့ တောင်းဆိုပါရစေခင်ဗျာ…

Leave a Reply

Avatar placeholder

Your email address will not be published. Required fields are marked *