သင်္ချာလို့ ပြောလိုက်ရင် လူအများစုက အတွက်အချက်လို့သာ ပြေးမြင်တယ်။ ရာစုနှစ်ပေါင်းများစွာ လက်ခံလာခဲ့တဲ့ အခြေခံကျတဲ့ အချက်နှစ်ကို မေ့လျော့နေကြတယ်။ အဲဒါတွေက (၁) သင်္ချာဟာ ဘာသာစကားဖြစ်ပြီး (၂) သင်္ချာဟာ အတွေးအခေါ် ဖြစ်တယ် ဆိုတာပါ။
ဘာသာစကားလို့ ပြောလိုက်ရင် အများစုက စာအက္ခရာတွေကိုပဲ မြင်မိတတ်ကြတယ်။ တကယ်က ကိန်းဂဏန်းတွေဟာလည်း အက္ခရာတွေပါပဲ။ ဘာသာစကားဟာ ဆက်သွယ်ရေးအတွက် ဖြစ်ပေါ်လာတာပါ။ ဒီလို ဆက်သွယ်တဲ့နေရာမှာ ဗျည်း၊ သရတွေနဲ့ ချည်း ဖော်ပြဖို့မဖြစ်နိုင်တဲ့ တွက်ချက်ခြင်း၊ ရေတွက်ခြင်း စတာတွေအတွက် သင်္ချာ ကိန်းဂဏန်းတွေက ဖြစ်တည်လာရပါတော့တယ်။
သင်္ချာ ကိန်းဂဏန်းတွေရဲ့ သမိုင်းက သိပ်တော့ ချောမွေ့လှတာ မဟုတ်ပါဘူး။ လူတို့ရဲ့ အခက်အခဲတွေပေါ်မူတည်ပြီး သင်္ချာအက္ခရာတွေဟာ တဖြည်းဖြည်းချင်း ဖြစ်တည်ပေါ်ထွန်းလာတာပါပဲ။ နားလည်လွယ်တဲ့ နမူနာဆိုရရင် ၀ ကနေ ၉ အထိ ဂဏန်း ဆယ်လုံးမှာတောင် မရှိခြင်းကို ကိုယ်စားပြုတဲ့ သုညဟာ ကျန်တဲ့ ဂဏန်းတွေထက် ရာစုနှစ်ပေါင်းများစွာ နောက်ကျပြီးမှ ပေါ်လာတာဖြစ်ပါတယ်။
သင်္ချာဆိုတာ အတွေးအခေါ်ဖြစ်တယ်လို့ ပထမဆုံး သက်သေပြခဲ့သူက ၆၀၀ ဘီစီခန့်က ထင်ရှားခဲ့တဲ့ ဂရိပညာရှင် သေးလိစ် (Thales) ဖြစ်ပါတယ်။ သင်္ချာတွေးခေါ်ပညာရှင်ကြီး ဘာထရန် ရပ်ဆဲလ် (Bertrand Russell) က “အနောက်တိုင်း တွေးခေါ်ပညာဟာ သေးလိစ်က စတင်ခဲ့တယ် – Western philosophy begins with Thales” လို့ ပြောဆိုခဲ့ပါတယ်။ သင်္ချာဟာ တွက်ချက်မှုသက်သက်မဟုတ် တွေးခေါ်မှုပေါ် အခြေခံတယ်ဆိုတာကို သေးလိစ်က အီဂျစ်က ပိရမစ်ကြီးရဲ့ အမြင့်ကို အပေါ်ထိ မတက်ဘဲ တွက်ချက်ပြပြီး သက်သေထူခဲ့ပါတယ်။
အင်မတန်မှ မြင့်တဲ့ ပိရမစ်ကြီးကို သေးလိစ်က ဘယ်လိုများ တွက်ချက်ပြသလဲဆိုတော့ Projection ဆိုတဲ့ နေရောင်ထိုးပြီး ကျနေတဲ့ အရိပ်ကို ကြည့်ပြီး တွက်ချက်လိုက်တာပါ။ Reference Point အနေနဲ့ ပိရမစ်ရဲ့ အရိပ်လွတ်တဲ့နားမှာ သေးလိစ်ဟာ တုတ်ချောင်းတစ်ချောင်းကို ထောင်လိုက်ပါတယ်။ နေထိုးပြီး ကျလာတဲ့ တုတ်ချောင်းရဲ့အရိပ် အရှည်နဲ့ ပကတိတုတ်ချောင်းရဲ့ အရှည်ကို အချိုးချလိုက်တာဟာ ပိရမစ်ကြီးရဲ့ အရိပ်အရှည်နဲ့ ပကတိအမြင့်ကို အချိုးချတာနဲ့ ညီပါတယ်။ ဒီလိုနည်းနဲ့ ပိရမစ်ရဲ့ အမြင့်ကို မှန်ကန်စွာ တွက်ထုတ် ပြနိုငိခဲ့ပါတယ်။
သေးလိစ်ဟာ Deductive Reasoning ဆိုတဲ့ ကောက်ယူဆင်ခြင်ခြင်းကို ပထမဆုံး အသုံးပြုပြီး သက်သေပြခဲ့တဲ့ သင်္ချာပညာရှင် တစ်ဖြစ်လဲ တွေးခေါ်ပညာရှင်လည်း ဖြစ်ပါတယ်။ အခြားတစ်ဘက်မှာ သေးလိစ်က ဘာကို သက်သေပြလိုက်တာလဲဆိုတော့ မှန်ကန်တဲ့ တွေးခေါ်မှုကို အခြေခံရင် သင်္ချာကို လက်တွေ့နယ်ပယ်မှာ ကောင်းစွာ အသုံးချနိုင်တယ် ဆိုတဲ့ အချက်ပါပဲ။
တစ်နေ့မှာ လူတစ်ယောက်က ဟင်းတွေအုပ်တဲ့ Plastic Wrapper အလိပ်ကို ဝယ်ဖို့ Shopping Mall ကို သွားပါတယ်။ သူဝယ်ဖို့ ယူလိုက်တဲ့ အလိပ်က 3000 Square Ft (စတုရန်းပေ ၃၀၀၀) ဖြစ်ပါတယ်။ ပလတ်စတစ်စက တစ်ပေဗျက်ရှိတော့ ပေ ၃၀၀၀ ရှည်တဲ့ သဘောပါပဲ။ အဲဒီ အလိပ်ကို သူဝယ်လိုက်ရင် ဘယ်လောက်ကြာကြာသုံးရမလဲ သူတွေးကြည့်ပါတယ်။
ဒီနေရာမှာ သင်္ချာကို အသုံးချပြီး လောက်မလောက်ကို ကျွန်တော်တို့ တွက်ချက်ကြည့်လို့ ရပါတယ်။ ပထမဆုံး တစ်ရက်ကို ပျမ်းမျှ ပန်းကန်ဘယ်နှချပ်လောက် သူအုပ်ဖို့ရှိပါသလဲ ပေါ့။ တချို့ ရက်တွေက ၃ ချပ်လောက် ဖြစ်ချင်ဖြစ်မယ်။ တချို့ ရက်တွေ မအုပ်ဖြစ်ဘူး ဆိုတော့ ပျမ်းမျှ တွက်လိုက်ရင် သူဟာ တစ်ရက်ကို တစ်ချပ်အုပ်ဖြစ်မယ်ဆိုပြီး ထွက်လာတယ်။ (လူတစ်ယောက်နဲ့ တစ်ယောက် နှုန်းတော့ မတူနိုင်ဘူး။ ဒါက သူ့အသုံးပေါ့)
ပန်းကန်တစ်ချပ်စာ အုပ်ဖို့ ပလတ်စတစ်စက တစ်ခါယူရင် တစ်ပေလောက် သုံးရပါမယ်။ ဒီတော့ တစ်ရက် တစ်ပေ ဆိုတော့ တစ်နှစ်ကို ၃၆၅ ပေ ကုန်မယ်ပေါ့။ ဒီတော့ ပေ ၃၀၀၀/ ၃၆၅ = ၈ နှစ်ကျော်ကျော်ပေါ့။ ဒါဟာ သင်္ချာကို လက်တွေ့မှာ အသုံးချလိုက်တာပါပဲ။
သင်္ချာ အတွေးအခေါ်ဆိုတာဟာ သင်္ချာကို တွေးခေါ်ခြင်းနဲ့ ပေါင်းစပ်ပြီး အသုံးချခြင်းပါပဲ။ ဆိုလိုတာက ပြေးကြည့်စရာမလို… တွေးကြည့်ရုံနဲ့ အဖြေထွက်လာတာမျိုးပါ။ သင်္ချာအတွေးအခေါ်နဲ့ ပတ်သက်တဲ့ နာမည်ကျော်ပုစ္ဆာတစ်ပုဒ်က “စက္ကူတစ်ရွက်ကို ၈ ကြိမ်ထက် ပိုပြီး မခေါက်နိုင်ဘူး” ဆိုတဲ့ပဟေဠိပါပဲ။ ဟုတ်ပါ့မလားဆိုပြီး စက္ကူတစ်ရွက် ယူခေါက်ကြည့်ပြီး လက်တွေ့စမ်းလို့ ရပေမယ့် သင်္ချာ အတွေးအခေါ်သာ ရှိရင် ခေါက်စရာ မလိုဘဲနဲ့ ဟုတ်မဟုတ် သိနိုင်ပါတယ်။
စက္ကူတစ်ရွက်ကို ထက်ဝက်ကနေ ခေါက်လိုက်တာကို မျက်စိနဲ့ မြင်ယောင်ပြီး ပုံဖော်ကြည့်ပါ။ တစ်ခါခေါက်လိုက်တဲ့အခါ ၁ ရွက်ကနေ ၂ ရွက်ဖြစ်သွားပါမယ်။ နောက်ထပ်တစ်ခါ ထပ်ခေါက်လိုက်တဲ့အခါ ၂ ရွက်က ၄ ရွက် ဖြစ်သွားပါမယ်။ နောက်ထပ်တစ်ခါ ထပ်ခေါက်ရင် ၄ ရွက်ကနေ ၈ ရွက်ဖြစ်ပါမယ်။ ဒီမှာတင် နောက်ဆက်ဖြစ်လာမယ့် ဂဏန်းစဉ်ကို ကျွန်တော်တို့ ရိပ်မိသင့်ပါပြီ။ ၂ ရဲ့ ထပ်ကိန်းဖြစ်တဲ့။ ၂၀… ၂၁… ၂၂… ၂၃… စသဖြင့် ဖြစ်လာတာ တွေ့ရပါမယ်။ ဒီတော့ စက္ကူကို ၈ ကြိမ်ခေါက်ပြီးတဲ့အခါ ၂၈ = ၂၅၆ ရွက် ဖြစ်လာပါမယ်။ ၂၅၆ ရွက်ဆိုတာ စာအုပ်တစ်အုပ် အထူ တစ်အုပ်စာဖြစ်ပါတယ်။ စာရွက် ၂၅၆ ရွက်ကိုခေါက်ဖို့ ဆိုတာ အတော်လေး ခဲယဉ်းတဲ့ ကိစ္စပါ။
သင်္ချာအတွေးအခေါ်သာ ရှိရင် စာဖတ်သူဟာ ထိုင်ရာကမထဘဲ လက်တွေ့ကျစွာ စိတ်ကူးယဉ်လို့ ရပါတယ်။ ဒီနေရာမှာ အသုံးပြုမယ့် စက္ကူက ပုံမှန်စာရွက်ပါးလေးတစ်ရွက် ၁ မီလီမီတာရဲ့ ၁၀ ပုံ ၁ ပုံ (ဝါ) ၀.၀၀၃၉ လက်မလောက်သာ အထူရှိတဲ့ စက္ကူပဲ ဆိုပါတော့။ ခေါက်ဖို့ လုံလောက်တဲ့ အရွယ်အစားကို အကန့်အသတ်မရှိ ရတယ်ဆိုရင် စာဖတ်သူဟာ စာရွက်ကို ၁၀ ကြိမ်ခေါက်လိုက်မယ်ဆိုရင် ဖြစ်လာမယ့် ၂၁၀ = ၁၀၂၄ ရွက်ဖြစ်ပြီး ခန့်မှန်းခြေ အထူက လက်တစ်ဝါးစာလောက် ဖြစ်လာပါလိမ့်မယ်။ တကယ်လို့သာ အကြိမ် ၂၃ ကြိမ်ခေါက်လိုက်ရင် တစ်ကီလိုမီတာ (၃၂၈၀ပေ) အထူ ရှိပါလိမ့်မယ်။
၃၅ ကြိမ်ခေါက်လိုက်မယ် ဆိုရင် ကမ္ဘာ့လုံးထက်ကြီးတဲ့ အထူရပါမယ်။ အကြိမ် ၃၀ ခေါက်လိုက်ရင် ကီလိုမီတာ ၁၀၀ အထူရှိတဲ့ စက္ကူထပ်ကြီးရပါမယ်။ အဲဒါကို ကမ္ဘာမြေပြီးပေါ် တင်ထားရင်စာရွက်ပုံကြီးဟာ အာကာသ ဟင်းလင်းပြင်ထဲ ရောက်နေပါပြီ။ မြင်းမိုရ်တောင်ရှိရင် ဝင်ဆောင့်မိနေပါပြီ။ ၄၂ ကြိမ်ဆိုရင် လကမ္ဘာကို ဝင်တိုက်မိပါပြီ။ ၅၁ ကြိမ်ခေါက်ပြီးသွားတဲ့ အထူက နေကိုရောက်သွားတာမို့ နေရဲ့ အပူနဲ့ စက္ကူပုံကြီးကို မီးရှို့နိုင်ပါပြီ။
ဆက်ပြီး စိတ်ကူးယဉ်ကြည့်ရအောင် ၈၁ ကြိမ်ခေါက်မယ်ဆိုရင် အလင်းနှစ် ၁၂၇၇၈၆ အထူရပါမယ်။ အဲဒါဟာ ကျွနုပ်တို့နေတဲ့ ဂလက်ဆီကြီးရဲ့ အထူနားကို ကပ်လာပြီ။ တကယ်လို့ ၁၀၃ ကြိမ်တိတိခေါက်လိုက်မယ်ဆိုရင် စက္ကူထပ်ကြီးရဲ့ အထူဟာ ၉၃ ဘီလီယံ အလင်းနှစ်ရှိတဲ့ စကြဝဠာကြီးရဲ့ အပြင်ကို ရောက်သွားပါလိမ့်မယ်။ ဒါကို သင်္ချာမှာ Exponential Growth (ထပ်ကိန်းတွေရဲ့ ကြီးထွားနှုန်း) လို့ တင်စားပါတယ်။ ကဲ… သင်္ချာနည်းကျကျ တွေးခေါ်ရတာ ပျော်စရာ မကောင်းဘူးလားဗျာ။
မေတ္တာဖြင့်
ဟန်သစ်ငြိမ်
1 Comment
Wai Yan Pyae Kyaw · February 24, 2024 at 9:27 am
ဟုတ်တာပေါ့…သင်္ချာဆိုတာလက်တွေ့နယ်ပယ်မှာအသုံးပြုမယ်ဆိုရင်တကယ်ကိုအတွေးခေါ်ပညာရပ်ကြီးတစ်ခုပါပဲ။
ဘာသာစကားတစ်ခုအနေနဲ့လည်းမြင်လို့ရတယ်။ နောက်ပီးစာအရေးအသားလည်းထိထိမိမိရှိပါတယ်။